လာလေ ဈေးရောင်းကြမှ ဒို့ တော်ကာကျမယ်

 

ဆူးငှက်

မန္တလေးတောင် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံအဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။မန္တလေးကိုပတ်လည် ဝန်းရံနေတာက ရေရိပ်၊ လယ်ရိပ်များသာဖြစ်ခဲ့ကြောင်း အစွန်းအထင်းအစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြ ပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထိုရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များတဖျပ်ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။

ကုန်လွန်ခဲ့သောကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအောက်ကဣန္ဒြေကြီးသော မန္တလေး…။ ဒီကနေ့တော့ နိုင်လွန် ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။ မန္တလေးမှာ သစ်၊ဝါး အတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါး သည် ဧည့်ခန်းဆောင် ကြမ်းခင်း ပါးကေးများအဖြစ် ပေါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။ တန်ဖိုးမြင့်တက် သွားတာလား…။ရှားပါးသွားတာလားမသိ…။

မန္တလေးတောင်ထိပ် ဆုတောင်းပြည့်ရင်ပြင်မှာပင် ကွန်ကရစ်ရိပ်၊ မှန်ရိပ်၊ကြွေရိပ်များနှင့်ခေတ်ပေါ်များကို ဆင်မြန်းထားချေပေါ့…။ ရင်ပြင်တော်ပေါ်မှာ မှန်ရိပ်ကိုနောက်ခံပြု …၊ကြွေရိပ်ပေါ်မှာ ခြေစုံရပ်ကာ သံမဏိပိုက် ဝရံတာမှတစ်ဆင့် မန္တလေး၏ အပြောင်းအလဲတွေကို ဆင်ခြင်မိရင်း ဟို အနောက်ဘက် မင်းဝံတောင်ရိုးဆီ လှမ်းမျှော်ကြည့်မိသည်။ မင်းဝံတောင်ရိုး၊ ဧရာဝတီ၊ဟော ဟိုအုပ်အုပ်က ရှင်အရဟံသိမ်ဖြစ်မှာပေါ့…။ အဲဒီဘေးက ကူကြီးကုန်းဖြစ်မှာပေါ့…။ တောင်ဘက်နားက ထီးတစောင်းဘုရား…၊ ဒီဘက်မှာက ပြည် တိုက်…။ ဟိုဟာညောင်ကွဲ….။တောင်ပေါ်မှသည် အေက်ခြေကနေရာတွေကို အခုလိုမှန်းဆလက်ညှိုးထိုးရတာ ပျော်စရာကောင်းသော အလုပ်ဖြစ်၏။ ဆုတောင်းပြည့် ရင်ပြင်ကို မက်မောရတာကလည်း အခုလို လက်ညှိုးထိုးချင်လို့ဖြစ်ပါသည်။ ထိုအခါ အဝေးဘုရားဖူးများဖြစ်စေ၊ မိမိနှင့်အတူပါလာသူကဖြစ်စေ နေရာတစ်နေရာကို “အဲဒါ ဘာလဲဟင်”ဟု မေးမှာသေချာပေါက်ဖြစ်ပါသည်။ ထိုအရာသည် ညောင်ကွဲရပ်၊ ကွင်းပြင်ကြီးတွေ၊ ငါးကန်ကြီးတွေ ကလနားသတ်မှာပဲဖြစ်၏။

အစိမ်းရောင် ကလနားသတ်များဆီ ငေးရီနေမိသော အကြည့်ကို ရှေ့တူရူဆီ ခပ်ဖြည်းဖြည်းရွှေ့ယူလိုက်ရင်း တစ်နေရာရောက်တော့ အကြည့်က ရှေ့မဆက်နိုင်။ အဲသည်နေရာမှာ အနုပညာတွေ အုံနဲ့ကျင်းနဲ့ ပြုံခဲခဲ့တယ်ဆိုတော့ အခုကာလ ဘယ်သူမှယုံကြမှာ မဟုတ်တော့။ အဲ့သည်နေရာက “မြောက်ပြင်ဗေဒ” ဟု တခမ်းတနား ကြီးကျယ်ခဲ့တာပဲလေ..။တောင်ပြင်မှာက “ တာရဲတန်းဗေဒ” လို့ အခုထိ ရေသောက်မြစ် မပြတ်ခဲ့ပဲကိုး။
××××× ××××× ×××××
လမ်း၈ဝနှင့် ၁၅လမ်းအနားရောက်လျှင်ဖြင့် လက်ဟောင်းမန္တလေးသားများအဖို့ သတိတရရှိမိတာက ဇာတ်မင်းသားကြီး မြို့တော်ဦးသိန်းအောင်ဖြစ်ပါသည်။ ထိုနေရာတွင် မြို့တော်အင်အားစု၊ မြို့တော်အင်အားသစ် အဝန်းအဝိုင်းနေထိုင်ကြပါသည်။ ထီးရိုးဝင်းသည် ‘မြို့တော်’၏ ဘူမိနက်သန် နေရာမှန်။ မန္တလေးမှာ ယခင်က အိမ်တော်ရာပိတ်ထီးများ ခေတ်စားခဲ့ဖူးသည်။ ဘာသာရေးမြို့ဖြစ်သည့်အလျောက် ရဟန်းတော်ဆောင်း ထီးလုပ်ငန်းလည်း ထွန်းကားခဲ့သည်။ ထိုထိုထီးများအတွက် ထီးရိုးများကို ပွတ်ထိုး ထုတ်လုပ်ပေးရာနေရာမို့ ထီးရိုးဝင်းတွင်ပါသည်။ ထီးရိုးဝင်းအနီးအနားက အနုပညာနှင့် နီးစပ်ကြ၏။ ဆိုတတ်၊တီးတတ်၊ မှုတ်တတ်၊ ကတတ်သူမရှား။ တကယ်တော့ မန္တလေးသည် တစ်မြို့လုံး အနုပညာဓာတ် စိမ့်ဝင်နေ၏။ ထိုအထဲတွင် ဇာတ် အဖွဲ့သော်လည်းကောင်း၊ တီးဝိုင်းအဖွဲ့သော်လည်းကောင်း ထူထူထောင် ရှိလာပါက တစ်ရပ်ကွက်လုံး၊ တစ်ဝင်းလုံး ထိုဇာတ်၊ထိုတီးဝိုင်းနှင့် ဆက်စပ်သွားကြသည်။ ထို့ကြောင့် ထီးရိုးဝင်း တစ်ဝိုက်မှာ မြို့တော်အင်အားစု၊မြို့တော် အင်အားသစ် ဖြစ်သွားတာမဆန်း …။

ထိုနည်းတူလမ်း ၈ဝ(၁၅လမ်း၊ ၁၆လမ်း) တစ်ဝိုက်မှာ တစ်ချိန်က နာမည်ကျော် တူရိယာ တီးဝိုင်းတစ်ဝိုင်း ပေါ်ပေါက်ခဲ့ဖူးကာ မှတ်မိကြပါလိမ့်ဦးမည်။ ‘နုယဉ် … ဂီတ၊ ထံတျာတျေရှင် ဂီတနယ်ထဲစ၍ဝင် …၊
ပါရမီရင့်သန်စေဖို့ … ပင်’ဟု အစချီကာ …၊ ‘တစ်ထောင့်သုံးရာ တစ်ဆယ့်တစ်မှာ ယဉ်ဖွားမြင်၊အနုသုခုမ၊ ဂီတနယ်တွင်’ဟူသော တေးသွားဖြင့် ဘာသာရေးပွဲ၊လူမှုရေးပွဲလမ်းများတွင် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ်ခဲ့ကြသည်မှာ မြို့မ၊ သင်္ဂဟ၊သီရိမွန်အဖွဲ့များနှင့် အပြိုင်ဖြစ်၏။

ဤသို့ဖြင့် လမ်း၈ဝပေါ်မှာ တူရိယာအသင်းကြီးများပေါ်ထွန်းခဲ့သည်မှာလည်း ဆရာကျော်တို့၊ ဆရာဦးထွန်းအောင်တို့ ပျိုးထောင်ခဲ့၍ဖြစ်သည်။ ဆရာကျော်သည် ရပ်ကွက်ထဲက လူငယ်လေးတွေကိုစုကာ ကလယ်ရီနက်၊ ထရန်ပက်၊ ဆိုက်ဆိုဖုန်းများ သင်ပေး၏။ စည်းချက်၊ သံစဉ်များကို ပဲတီပင်ပေါက် ပတ်ကားနုတ်များနှင့် အဆင့်မီသင်ပေးသည်။ ထီးရိုးဝင်းတစ်ဝိုက်တွင် ‘ထွတ်မြတ်တဲ့ စံဌာနီ၊ လွတ်လပ်တဲ့မြန်မာပြည်’ ဟူသော တေးသွားကို ကလယ်ရီနက်ဖြင့် စမ်းသပ်မှုတ်နေသံကို တစ်နေရာမဟုတ်၊ တစ်နေရာမှ ကြားနေရမည်။ ဤအသင်းကြီးမှ “အိပ်မက်စေတမန်”လို သီချင်းမျိုး ရေးစပ်ခဲ့သည့် နာမည်ကျော်ဂီတမှူး ဦးသန်းကြွယ်…။ “တောင်ပေါ်လမ်းမှာ တချိမ့်ချိမ့်”စသည့် သီချင်းများ၊ “ပန်းသလားမေပျိုပြဇာတ်” “၉ဝ ဝန်းကျင် ဝတ္ထုတိုများ”ဖြင့် ထင်ရှားခဲ့သည့် ဝင်းစည်စသည့် ပုဂ္ဂိုလ်များလည်း မွေးထုတ်ပေးခဲ့သည်။ နောက်တာ့ ‘နုယဉ်’သည် မြို့တော်ဇာတ်အဖွဲ့၏ အနောက်တိုင်းတူရိယာအဖွဲ့အဖြစ်ပြောင်းလဲကာ ပါးလျားပျောက်ကွယ်သွားတော့သည်။

မန္တလေး၏ သင်္ကြန်ညများမှာတော့ ထီးရိုးဝင်းထိပ်၊ လမ်း၈ဝပေါ်တွင် ‘မေနုယဉ်’ဟူသော သင်္ကြန်အကမဏ္ဍပ် နှစ်စဉ်ဆင်နွှဲနိုင်ခဲ့ပါသေးသည်။မြောက်ပြင်တွင် မေနုယဉ်၊မေထားဝယ် စသည့် အကမဏ္ဍပ်များ၌ ဂျစ်ကားတွေ အမြဲပိတ်ဆို့နေတတ်သည်။ နောက်တော့ စီမံကိန်းသင်္ကြန် ဖြစ်သွားချိန်တွင် မေနုယဉ်လည်း ပျောက်ကွယ်သွားတော့သည်။

တစ်နှစ်တုန်းဆီကတော့ ဝါတွင်းအရုဏ်ခံ တီးဝိုင်းအဖွဲ့ တစ်ဖွဲ့က “သင်္ကြန်ရေပွဲခါဆီ၊ ပျော်မည်၊ပျော်မည်၊ပျော်မည်၊ပျော်မည်၊တေးသံစုံပွဲ၊ …ကြလို့ ယဉ်လာပြီ”ဟူသော သီချင်းအပြင် ” မောင်တော် လာမယ်ဆိုဆို ရေနန်းက ကြို…” ဟူသော သီချင်းများကို ကျနစွာတီးမှုတ်ပြီးနောက် ဝေဇယန္တာ ယိုဒယား သီချင်းကြီးကို အဝင်အထွက်များနှင့် ပိပိရိရိ တီးမှုတ်နေသံ ကြားနေရ၍ ဂရုတစိုက် ရပ်၍ နားထောင်မိသည်။ ကျွန်တော်နှင့်အတူရပ်၍ နားထောင်သူတစ်ဦးသည် “လေမှုတ်သမားတွေက အရင်” ‘နုယဉ်’က လူတွေလေဗျာ၊ အလုပ်အားရက် ဥပုသ်နေ့မို့ အရုဏ်အဖွဲ့နဲ့ နေ့စားလိုက်ကြတာ”ဟုပြောပြ၏။

××××× ×××××

အခုတော့ တောင်ပြင် တာရဲတန်းရော၊မြောက်ပြင် ၁၅လမ်းရောသာမက တစ်ပြည်လုံးက ဇာတ်သဘင်စီးပွားရေးသည် ရန်သူမျိုးငါးပါးနှင့် ကပ်ဘေးအသီးသီးကြောင့် ရေတိမ်နစ်ပါပကော။ ယခင်က တီးလုံးတီးကွက်၊ ကဇာတ်၊ ငိုချင်း၊အော်ပရာ၊ ဇာတ်ဝင်စကား၊ ရှပ်တာအပိတ်အဖွင့် စသည့် ဇာတ်နှင့်ပတ်သက်ရာလုပ်ငန်းများကို ကျွမ်းဝင်ရင်းနှီးသူတို့သည် ထိုအရာအားလုံးကို စွန့်လွှတ်ကာ အသက်ရှင်ရပ်တည်နိုင်မည့် စီးပွားရေးခွင်များတွင် အသီးသီး ကူးခပ်စီးမျောကြပါပကော။

တီးဝိုင်းပျက်၊ အငြိမ့်ပျက်၊ ဆိုင်းပျက်၊ ဇာတ်ပျက်..။ အခုတော့ ပွဲကြိုက်ခင်များနှင့်အတူ “လာလေ ဈေးရောင်းကြမှ ဒို့ တော်ကာကျမယ်” ဟု ဟစ်ကြွေးကာ အနုပညာရှင်ဟူသည် အားလုံးလိုလို ဈေးသည်..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW