ဖားကန့်မြို့ထဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ် ရဲ ၃ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့၊ မော်ဝင်ရပ်ကွက် ၊ ရွှေဂဏန်း ပင်လယ်စာအရောင်းဆိုင်ရှေ့မှာ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။

” မူးယစ်အထူးအဖွဲ့က IPSUM ကားနဲ့ KLUGER ကား ၂ စီးနဲ့ ရွှေဂဏန်း ပင်လယ်စာဆိုင်ရှေ့မှာ စျေးဆင်း ဝယ်နေတဲ့အချိန် Crown ကား အဖြူရောင်ပေါ်ကနေ စတင်ပစ်ခတ်တယ် ၊ အဲ့ဒီအချိန်မှာ မူးယစ်အဖွဲ့ကား ၂ စီးပေါ်ကလည်း ပြန်ပစ်တာဖြစ်တယ် “လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” မူးယစ်ဆေးဝါး ဖမ်းဆီးဖို့ ထွက်လာတဲ့အချိန် ပစ်ခံရတာပါ ၊ညအပစ်ခံရတာက မူးယစ်အထူးအဖွဲ့ တပ်စု ၅၃ ဖားကန့်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် အောင်ကိုကိုလတ် ၊ ယာလက်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ ယာလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ယာဘက်ပေါင်ရင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ ယာလက်ပျင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ ယာဘက်တင်ပါး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)တဲ့ အခြေအနေမှာရှိတယ် ၊ နောက်ပြီး ရဲတပ်ကြပ်ကြီး မြတ်သူရ ကတော့ ယာဘက်ပေါင်ရင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ နဲ့ ရဲတပ်ကြပ်ကြီး နိုင်လင်းထွန်း ကတော့ ဝဲဘက်ပေါင်ရင်း ၊ ယာဘက် လက်မောင်း နဲ့ ဝဲဘက်တတောင်ဆစ်နေရာတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်စီရတယ် ၊ သူတို့ ၃ ယောက်စလုံး ဆေးကုသမှုခံယူနေကြပါတယ် ၊ ပစ်ပြေးသွားတဲ့အဖွဲ့ကို ဖမ်းဆီးရရှိဖို့ လုပ်နေပါတယ် ” လို့ ပြောပါတယ်။

ဖားကန့်မြို့ထဲမှာ ပြီးခဲ့တဲ့လတုန်းကလည်း ရဲတပ်ရင်း ၃၀ ကနေ စျေးဝယ်လာတဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ဒုရဲမှူး ၁ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းကလည်း ဖားကန့်အချုပ်ထောင်ကို သက်သေခံဖို့သွားရောက်ခဲ့တဲ့ ရဲ ၅ ဦးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW