မူဆယ် ကမ္ဘောဇဘဏ်ခွဲ ၃မှာ ပစ်ခတ်မှုဖြစ်ပွားပြီးပြည်သူ့စစ် ၂ ဦး အပါအဝင် ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ သိန်းသန်းချီကားကွင်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူစစ် ၂ဦးအပါအ၀င် ၃ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဘဏ်ကို လာပစ်တာပါ ၊ ဓားပြတိုက်တာ မဟုတ်ဘူး ၊ ဘဏ်လုံခြုံရေး ပြည်သူ့စစ် ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး အရပ်သား ၁ ယောက်လည်း ကျည်ဆံထိမှန် သေတယ် ၊ ဘဏ်က မှန်ခန်း တချို့ပျက်စီးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

မူဆယ်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာ မသိရသေးဘူး ၊ စုံစမ်းနေဆဲဖြ​စ်တယ် ၊ Pajero ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးကနေ လူ ၃ ယောက်က ဆင်းပစ်တာ ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့တွေရောက်လာကာ အခင်းဖြစ်တဲ့နေရာကို စစ်ဆေးတာနေတဲ့အတွက် ဘဏ်လုပ်ငန်းတွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ ဂိမ်းဆိုင်တွေ ၊ ငွေလဲလုပ်ငန်းတွေ နဲ့ စားသောက်ဆိုင်တွေမှာ မကြာခဏ ပစ်ခတ်တာတွေဖြစ်ပွားတတ်ပေမယ့် ဘဏ်မှာ ပစ်ခတ်မှုဖြစ်တာဟာ ဒီနှစ်အဖို့ ပထမဆုံးဖြစ်စဥ်ဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ပစ်ခတ်မှု #ပြည်သူ့စစ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW