ဒေးဒရဲမှာ စည်ပင်ရုံးနဲ့အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရတဲ့ကိစ္စနဲ့ စည်ပင်ဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၊၁၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်က စည်ပင်ရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ မနေ့ စက်တင်ဘာ ၁၃ ရက် ညပိုင်းက ဗုံးခွဲခံရပြီး စာရေး ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် စည်ပင်ဝန်ထမ်း ၄ ဦးအဖမ်းခံထားရတယ်လို့ ဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

အမှတ်(၂) ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးနဲ့ ဒေးဒရဲမြို့ စည်ပင်ရုံးဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲရာမှာ စာရေး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စည်ပင်ရုံးဗုံးခွဲခံရတာနဲ့ ပတ်သက်လို့ စည်ပင်ဝန်ထမ်း ၄ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

”စည်ပင်ရုံး ပေါက်ကွဲတာနဲ့ပတ်သက်လို့ အစောင့် ဝန်ထမ်း ၄ ယောက်အဖမ်းခံရတယ် ၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတာက စာရေး တဦး ဒဏ်ရရာရှိသွားတာ၊ စစ်တပ်နဲ့ရဲက လာပြီးစစ်ဆေးတာတွေလုပ်တယ် ၊ ပြီးတော့ အစောင့်စည်ပင်ဝန်ထမ်း ကောင်လေး ၄ ယောက်ကိုဖမ်းသွားတယ် ၊ မသင်္ကာလို့ ဖမ်းတာဖြစ်လိမ့်မယ် ၊ သူတို့တွေက ရုံးပုံမှန်ဆင်းတဲ့သူတွေပဲ ကိုယ့်ဝန်ထမ်း ကိုယ်ပြန်ဖမ်းတာပဲ ၊ ဘာမှန်းမသိတော့ဘူး။”လို့ အဖမ်းခံရတဲ့ ဝန်ထမ်းတွေနဲ့နီးစပ်သူတဦးကပြောပါတယ်။

စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ အဖမ်းခံရတဲ့ စည်ပင်ရုံးဝန်ထမ်းတွေဟာ ကိုရန်ကျော် ၊ ကိုမြတ်မင်း ၊ ကိုဝေရနဲ့ ကိုငစိုး ဆိုသူတို့ ၄ ယောက်ဖြစ်ပြီး ဖမ်းဆီးတဲ့အချိန် ရိုက်နက်ခေါ်ဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

”ကောင်လေးတွေကို ဖမ်းခေါ်သွားတော့ ရိုက်နက်သွားတာ ၊ မသင်္ကာလို့ ဖမ်းတော့လည်း ဒါမျိုးမလုပ်သင့်ဘူးလို့ထင်တယ် ၊ ဒီကနေ့လည်း စစ်ကားတွေ မြို့ထဲပတ်နေတယ် ၊ ရုံးတွေမှာလည်း ရဲတွေကော စစ်သားတွေကော လက်နက်တွေနဲ့ အပြည့်ပဲ တွေ့ရတယ်။”လို့ မြို့ခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းကလည်း လုံခြုံရေးစစ်ဆေးဂိတ်အနီး ဒေးဒရဲတံတားအပေါ်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူတွေထိ ခိုက်တာ၊ အဖမ်းခံရတာတွေမရှိခဲ့ဘူးလို့သိရပါတယ်။

#voiceofmyanmar #VOM #ဒေးဒရဲ

Related posts

Leave a Comment

VOM News

FREE
VIEW