ကိုယ်ရေးအချက်အလက် မှန်ကန်စွာမဖြည့်တဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးပိတ်သိမ်းတော့မယ်လို့ ဗဟိုဘဏ်အသိပေး

စက်တင်ဘာ ၁၇-၂၀၂၂
VOM (GG)

Kpay ၊ wave အပါအဝင် မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို အသုံးပြုပြီး ငွေလွှဲလုပ်နေသူအားလုံး ကိုယ်ရေးအချက်အလက်အားလုံးဖြည့်ရမှာဖြစ်ပြီး အချက်အလက်မပြည့်စုံသူတွေနဲ့ အချက်အလက်မမှန်မကန်သူတွေရဲ့ ငွေကြေးအကောင့်စာရင်းတွေကို အပြီးပိတ်သိမ်းမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။

မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေဟာ မှတ်ပုံတင် ထားတဲ့ ဆင်းမ်ကဒ်၊ အမည်၊ မှတ်ပုံတင် နံပါတ်တွေဖြည့်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေမှန်မမှန်ကို လဝက မှာရှိတဲ့ အချက်အလက်တွေအပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်က အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့်ဗဟိုဘဏ်ရဲ့တရားဝင်ခွင့်ပြုချက်နဲ့ ဘဏ်ဦးဆောင်မှုပုံစံ ဆောင်ရွက်နေတဲ့ မိုဘိုင်းပေးဝန် ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင် ရွက်ခွင့်ရရှိထားတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့စနစ်ဝန်ဆောင်မှုလုပ်ငန်း စတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့လည်း နီးစပ်ရာကိုယ်စားလှယ် (Agent)တွေ၊ ဘဏ်တွေမှာ ကိုယ်ရေးအချက်အလက်ကို အဆင့် ၂ (Level 2)ကို အချိန်မီမြှင့်တင်ရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာရေးသားထားပါတယ် ။

” စာတွေ့တယ် အဓိက မှတ်ပုံတင်၊ဆင်းမ်ကဒ် ၊အကောင့်က level 2 ဖြစ်ရမယ်။ဖြည်ထားတဲ့အချက်အလက်ကိုလည်း စစ်မယ်၊မကိုက်ညီရင် အကောင့်ကိုပိတ်မယ်ဆိုတော့ အားလုံးသတိထားပြီး ကိုယ့်အကောင့်ကိုပြန်စစ်ကြပါ။ကိုယ့်ဆင်းမ်ကဒ်ကမှတ်ပုံတင်ထားမထားပေါ့။မဟုတ်ရင် ကိုယ့်အကောင့်ထဲကငွေတွေ ဆုံးရှုံးနိုင်ပါတယ်။ကုမ္ပဏီတွေ ဘဏ်တွေဘက်ကတော့ ဗဟိုဘဏ်ထုတ်ပြန်တာနဲ့ပတ်သက်လို့ အကြောင်းကြားတာမျိုးမရှိသေးဘူး ။ wave တခုပဲ အခုလ ၉ ရက်ကစပြီး စနစ်ပြောင်းသွားတာရှိတယ်။ ငွေလွှဲငွေထုတ်မှာ မှတ်ပုံတင် ပါရမယ်လို့ပြောထားတယ် ၊ ဒီလကုန်အထိ အချက်အလက်တွေ ဖြည့်ခွင့်ပေးမယ်တော့ကြားတယ် ၊အတိကျတော့မသိသေးဘူး” လို့ မိုဘိုင်းငွေကြေးစနစ်နဲ့ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ကိုင်နေသူတဦးကပြောပါတယ်။

လက်ရှိမှာ wave money ကနေ ငွေလွှဲ ငွေထုတ်လုပ်မယ်ဆိုရင် မှတ်ပုံတင်နံပါတ်အမှန်ရိုက်ထည့်ရပြီး ငွေထုတ်တဲ့အခါ မှတ်ပုံတင်ယူဆောင်ကာ ဓာတ်ပုံရိုက်ပြီး ဖြည့်ပေးမှသာ ငွေထုတ်လို့ရတာကြောင့် သုံးစွဲသူတွေလျော့ကျသွားသလို ကိုယ်စားလှယ်အဖြစ်ကနေ ရပ်ဆိုင်းလိုက်သူတွေလည်းရှိလာ တယ်လို့သိရပါတယ် ။

” အရင်က ပတ်စဝှက်နဲ့ ID ပါရင်ထုတ်ရတယ်။အခုကျ မှတ်ပုံတင်ကိုပါ ပုံရိုက်ဖြည့်ပေးရတယ်၊ အဲ့ဒီ တော့ သုံးစွဲသူတွေအဆင်မပြေကြဘူး၊နယ်ဘက်ကပိုဆိုးတယ်၊သားသမီးတွေက သူတို့မိဘတွေဆီ လစာပြန်လွှဲကြတာများတယ်၊တောသူတောင်သားဆိုတော့ မှတ်ပုံတင်ပါမှထုတ်ရတယ်ဆိုတော့ သိပ်မလုပ်တတ်ကြဘူး။ငွေထုတ်သူလျော့သွားတယ် ” လို့ နောက်ထပ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။

ဗဟိုဘဏ်ကတော့ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို ခုလို လုပ်ဆောင်ခိုင်းတာဟာ မသမာသူတွေရဲ့ ငွေကြေးလိမ်လည်မှု၊ တရားမဝင်ငွေလွှဲပြောင်းမှုတွေကြောင့် အများပြည်သူရဲ့ ငွေကြေးတွေ မဆုံးရှုံးစေဖို့နဲ့ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကတဆင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတွေအပေါ် ငွေ ကြေးထောက်ပံ့မှုကို ထိန်းကြောင်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သတ်မှတ်ကာလတခုအတွင်း ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြည့်ကာ အကောင့်တွေကို အဆင့်မြှင့်တင်ထားဖို့လိုအပ်တာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုမှုအများဆုံးက wave money နဲ့ Kbz pay ဖြစ်ပြီး true money ၊ mytel pay ၊ cb pay ၊ aya pay ကိုလည်း သုံးစွဲနေကြပြီး အခြား mobile pay တွေလည်းရှိပါတယ်။

#voiceofmyanmar #VOM #မိုဘိုင်းငွေကြေးကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW