ပခုက္ကူစျေးနားက ရွှေဆိုင်ဓားပြတိုက်ခံရ ၊ ရွှေထည်ပစ္စည်း ၅၀ ကျပ်သားကျော် ပါသွား

စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ပေါ်မှာ မနေ့ စက်တင်ဘာ ၂၃ ရက် တနေ့ထဲမှာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး နေရာ ၂ ခုမှာ ဖောက်ထွင်းခိုးယူခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ညနေ ၃ နာရီခွဲဝန်းကျင်မှာ ပခုက္ကူ အမှတ် ၉ ရပ်ကွက် ၊ တန်ဆောင်တိုင်လမ်းက ဦးသိန်းမောင် ၊ ဒေါ်ရင်မေ သားသမီးများရွှေဆိုင် ဓားပြတိုက်ခံရတယ် ၊ အဲ့ဒီနောက် အမှတ် ၁၀ ၊ အလယ်တိုက်ကျောင်း ခြေရင်းလမ်းထိပ်က မိခင်နဲ့ကလေး စောင့်ရှောက်ရေးသားဖွားရုံးဝန်းထဲက နေအိမ် နဲ့စက်မှုဇုန် ၉ လမ်းထဲက စတိုးဆိုင် ၁ ဆိုင်ဟာ ဖောက်ထွင်း ခိုးယူခံရတာတွေဖြစ်တယ် “လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို ဓားပြတိုက်ခံရတာနဲ့ ခိုးယူခံရတဲ့ အခြေအနေကို ပခုက္ကူမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တယောက်က
” အရှေ့စျေးထဲက ဦးသိန်းမောင် ၊ ဒေါ်ရင်မေ သားသမီးများ ရွှေဆိုင် ဓားပြတိုက်ခံရတာက ရွှေထည်ပစ္စည်းမျိုး ၅၀ ကျပ်သားကျော် ပါသွားတယ်လို့ ကြားရတာရှိတယ် ၊ နောက်ပြီး ငွေသား သိန်း ၄၀ ပါတယ်လို့လည်း ကြားရတယ် ၊ အမှတ် ၁၀ မီးဖွားဆေးခန်းဝန်းထဲက အိမ်မှာ ခိုးယူခံရတာ ပိုက်ဆံ ၇ သိန်းပါသွားတယ် ၊ စက်မှုဇုန် ၉ လမ်းထဲက စတိုးဆိုင် တိုက်ခံရတာက ဘယ်လောက်ပါသွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” လုယက်မှုတွေဖြစ်တာပါ ၊ ပါဆုံးပစ္စည်းစာရင်း စစ်ဆေးနေဆဲဖြစ်တာကြောင့် ပြောဖို့ အချိန်စောသေးတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၈ ရက် ည ၁၂ နာရီဝန်းကျင်အချိန်က ပခုက္ကူမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ သီရိမဂ်လာလမ်းမှာရှိတဲ့ ဦးသန်းထွန်း ရွှေသန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ် ဓားပြတိုက်ခံရပြီး ရွှေအလေးချိန် ၁၁ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ပခုက္ကူမြို့ပေါ်မှာ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင် ဓားပြတိုက်ခံရတာ ဒီနှစ်ထဲ ၅ ကြိမ်ထက်မနည်းရှိခဲ့တယ် ၊ လုယက်မှု ဓားပြမှုက ၁၀ ကြိမ်မကတော့ဘူး ၊ မြို့ပေါ်မှာ အဲ့ဒီလို ခိုးဆိုးနှိုက်တွေ မကြာခဏဖြစ်နေတယ်ဆိုတော့ တတ်နိုင်သူတွေက ပခုက္ကူမြို့ပေါ်မှာ မနေရဲတော့လို့ မန္တလေး ၊ ပြင်ဦးလွင် ၊ နေပြည်တော်နဲ့ ရန်ကုန်ဘက်ကို ပြောင်းနေကြတယ် ၊ လုပ်ငန်းကြီးသမားအများစုက ဒီရက်ပိုင်းမှာ သူတို့လုပ်ငန်းတွေ နားထားကြတာကို တွေ့ရတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကမြို့ အမှတ် ၃ ရပ်ကွက် ၊ ကမ္မစျေးနားမှာရှိတဲ့ တော်ဝင်ကြယ် ရွှေရတနာဆိုင်ပိုင်ရှင် ဒေါ်လဲ့လဲ့ငြိမ်း ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW