ယူကရိန်းအပေါ် ရုရှားရဲ့နျူကလီးယားတိုက်ခိုက်မှုမှန်သမျှ ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအပေါ် ရုရှားက နျူကလီယားလက်နက်အသုံးပြုမှုမှန်သမျှကို အမေရိကန်က ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်ပြီး ရုရှားအနေနဲ့ ဆိုးရွားတဲ့အကျိူးဆက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က စက်တင်ဘာ ၂၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်မှုထမ်းဖို့ဆင့်ခေါ်ခဲ့တဲ့ ရုရှားသမ္မတပူတင်က နျူကလီးယားတိုက်ခိုက်နိုင်ခြေကို ခြိမ်းခြောက်ပြောဆိုပြီးနောက် အမေရိကန်က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

ရုရှားအနေနဲ့ ဒီလုပ်ရပ်ကိုလုပ်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အမေရိကန်က ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

အဲဒီလိုတုံ့ပြန်သွားမယ့်ကိစ္စအသေးစိတ်အချက်အလက်တွေကို သူကထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရုရှားနဲ့ပတ်သက်ပြီး သီးသန့်ထားရှိပြီး တိတိကျကျ အသေးစိတ်တွေရှိတယ်လို့ ဂျိတ်ဆူလီဗန်ကပြောပါတယ်။

ပူတင်ဟာ နျူကလီးယားမပြန့်ပွားရေး တာ၀န်၀တ္တရားတွေကို မထီမဲ့မြင်ပြုပြီး ဥရောပအပေါ် အလွန်အကျူးနျူကလီယားခြိမ်းခြောက်မှုတွေပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နယူးယောက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW