ထီးလင်း ပုဏ္ဏားကျေးရွာမှာ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ထဲ အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၃ ဦး ပါဝင်နေ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ပုဏ္ဏားကျေးရွာဘက်ကို မနေ့ စက်တင်ဘာ ၂၇ ရက်က ဝင်ရောက်လာတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ကနေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ လူ ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၃ ယောက်ပါဝင်နေတယ်လို့ ပုဏ္ဏားရွာခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ရွာထဲကနေ ဖမ်းခေါ်သွားတာပါ ၊ ဘာအတွက် ဖမ်းခေါ်သွားတယ်ဆိုတာ မသိရဘူး ၊ အဲ့ဒီအထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၃ ဦးပါသွားတယ် ၊ မောင်မင်းသက်ပိုင် ၊ မောင်သူရပိုင် နဲ့ မောင်ကျော်နိုင်လင်း တို့ဖြစ်တယ် ” လို့ ပုဏ္ဏားရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ၉ တန်းကျောင်းသား ၃ ယောက်နဲ့အတူ ပုဏ္ဏားရွာထဲက ဦးမောင်ကြိုင် ၊ ဦးမဲပို ၊ ဦးဇော်သန်း နဲ့ ဦးတုတ်ကြီး ဆိုတဲ့ လူ ၄ ဦးလည်း အဖမ်းခံရတာဖြစ်တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မနေ့ မနက်ပိုင်းက ပုဏ္ဏားကျေးရွာထဲကို နယ်မြေရှင်းလင်းရေး ဝင်ရောက်လာတဲ့ စစ်ကြောင်းက အဲ့ဒီ လူ ၇ ယောက်ကို ထီးလင်းမြို့ဘက်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ရွာထဲကနေ ဆိုင်ကယ် ၄ စီး ၊ လူ ၇ ယောက် ၊ ဖုန်းတွေကတော့ ခြင်းကြား တလုံး အပြည့်ပဲပါသွားတယ် ၊ အဲ့ဒီ သိမ်းထားတဲ့ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေ အကုန်လုံး ပြန်ပေးထားခဲ့တယ် ၊ လူ ၇ ယောက်ကတော့ သူ့တို့ ခေါ်သွားတာ ” လို့ ပုဏ္ဏားရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းထဲမှာ ဂန့်ဂေါမြို့နယ်ဘက်ကနေ ထီးလင်းမြို့နယ်ဘက်ကို ကုန်းကြောင်းအတိုင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတာကြောင့် ရွာပေါင်းများစွာဟာ ရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထီးလင်း #ပုဏ္ဏားရွာ #အသက်မပြည့်သေးတဲ့လူငယ်တွေပါဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW