မန္တလေး မြစ်ငယ် တံတားနားမှာ ရဲအချုပ်ကားပေါ်က ၊ အချုပ်သားတချို့ ထွက်ပြေး လွတ်မြောက်

စက်တင်ဘာ ၂၉ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း ၊ မန္တလေး ရန်ကုန် ကားလမ်းဟောင်း မြစ်ငယ်တံတားအနီး အောင်စင်္ကြာဆီဆိုင်နားမှာ ဒီကနေ့မနက်ပိုင်းက ကျောက်ဆည်မြို့နယ် အချုပ်ခန်းကနေ မန္တလေး အိုဘိုထောင်ဘက်ကို ဦးတည်မောင်းလာတဲ့ ရဲအချုပ်ကားပေါ်က အချုပ်သားတချို့ဟာ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီကျော် ၊ ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မြစ်ငယ်တံတားနားအရောက်မှာ ၊ အချုပ်သားတွေရဲ့ လက်ထိပ် ၊ သံကြိုး ၊ သော့ ၊ စတာတွေ ခိုင် ၊ မခိုင် စစ်ဆေးတဲ့အချိန်မှာ ကားပေါ်ကနေ အချုပ်သား ၅ ယောက်က ရဲတပ်သား သီဟဇော် ဆိုတဲ့သူဆီက သေနတ်ကို လုယူပစ်ခတ်ပြီးထွက်ပြေးသွားတယ် ၊ ချက်ချင်း ပစ်ခတ် ဖမ်းဆီးနိုင်တာကြောင့် ထွက်ပြေး အချုပ်သားထဲက ၁ ဦးအသေနဲ့ ၂ ဦး အရှင် ပြန်ဖမ်းမိတယ် ၊ ကျန် ၂ ဦးကိုတော့ လိုက်လံ ဖမ်းနေတုန်း ” လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့ ရင်းမြစ်တခုကတော့ ” အသေမရှိပါဘူး ၄ ယောက်ပြေးတာ ၂ ယောက်ပြန်မိပြီး ၂ ယောက်လွတ်သွားလို့ ရှာနေတယ်လို့ သိရပါတယ်” လို့ VOM ကို ပြောပါတယ်။

အဲ့ဒီ အချုပ်တရားခံတွေ ထွက်ပြေးသွားတဲ့ နေရာဝန်းကျင်မှာ ရောက်ရှိနေတဲ့ ဒေသခံ တယောက်က

” အချုပ်ကားရပ်ပြီး ကွမ်းယာဆင်းဝယ်တာထင်တယ် ၊ အဲ့ဒီ အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၊ ပစ်ခတ်သံတွေကြားရတယ်၊ သုံးဘီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာ အချုပ်သားတွေ ထင်မိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ အချုပ်သားတွေ ထွက်ပြေးတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဖော်ပြထားတာက

” ဒီမနက်ပိုင်းမှာ မန္တလေး အိုးဘိုထောင်ကနေ ရုံးထုတ်လာတဲ့ အချုပ်ကားကို PDF တွေက ချုံခိုတိုက်ခိုက်ခဲ့ပြီး ကားပေါ်မှာ ပါလာတဲ့ အချုပ်သား ၈ ဦးအနက် ၂ ယောက်သာ လွတ်မြောက်ခဲ့ပြီး ကျန် ၆ ယောက်ဟာ ပြန်လည် ဖမ်းမိသွားတယ် ” လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဥ်းသား ၁ ဦးနဲ့ ၊ အမှုရင်ဆိုင်နေဆဲ အချုပ်သား ၄ ဦးတို့ဟာ ထောင်ဘာယာတန်းတွေကို အောက်ခြေကနေ ဖြတ်တောက်ပြီး ၊ ထောင်အုတ်ရိုးကိုကျော်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြစ်ငယ် #အချုပ်သားထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW