ငွေကြေးဈေးကွက်မတည်ငြိမ်လို့ ပိုင်ဆိုင်မှုခိုင်မာတဲ့ အိမ်၊ခြံ၊မြေအပေါ် ရင်းနှီးမြှုပ်နှံလာကြ

အောက်တိုဘာ ၁ -၂၀၂၂
Voice Of Myanmar(VOM)

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ငွေကြေးဈေးကွက်မှာ များစွာဂယက်ထနေပြီး ရင်းနှီးမြှုပ်နှံသူတွေက ခိုင်မာပြီး ပိုင်ဆိုင်မှုရှိတဲ့ အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံကာ ပိုင်ဆိုင်မှုစာရွက်ကိုင်ထားတဲ့အနေနဲ့ ပိုမိုရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။

ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေး မတည်ငြိမ်မှုဟာ အကြီးစားရိုက်ခတ်မှုသဘောဖြစ်နေတာကြောင့် ငွေကြေးဖောင်းပွမှုကို အနည်းဆုံး ထိန်းထားနိုင်တဲ့ အိမ်၊ခြံ၊မြေအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာတဲ့အတွက် အိမ်ခြံမြေဈေးတွေလည်း အတက်ဘက်ကို သွားနေတယ်လို့ အိမ်၊ခြံ၊မြေလုပ်ငန်းရှင်တွေက မှတ်ချက်ပြုပြောကြပါတယ်။

“ငွေကြေးဖောင်းပွမှု အနည်းဆုံးထိန်းထားနိုင်တာအတွက် အိမ်ခြံမြေကို အလုံးအရင်းလိုက် ရင်းနှီးမြှုပ်နှံကြတယ်။ ဈေးတွေတက်တယ်ဆိုတာကတော့ မဟုတ်ဘူး။ တိုင်းရေးပြည်ရေးက အတိုင်းအတာတစ်ခုအထိ မကောင်းတဲ့အခါကျတော့ ငွေကြေးက ဖောင်းပွနေတယ်။ တိုင်းပြည်အရေးကောင်းလို့ ငွေကြေးဖောင်းပွတာက ပြဿနာမရှိဘူး။ ပုံမှန်အားဖြင့်မဟုတ်ဘဲ စီးပွားရေးပျက်ကပ်ဖြစ်တဲ့အခါကျတော့ ဈေးကို အမြင့်ကြီးပေးပြီး ဝယ်နိုင်တဲ့အနေအထားမရှိဘူး။ ခိုင်မာမှုတစ်ခုတည်းနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့အတွက် ဝယ်လိုအားထက် ရောင်းလိုအား တအားများတဲ့အပေါ်မှာ ဈေးတက်တယ်လို့ ထင်တာ။ တကယ်တော့ ဈေးနှုန်းက မတက်ဘူး” လို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ယခင်က မိုးရာသီဆိုလျှင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးတဲ့ အချိန်ကာလဖြစ်ပြီး နိုင်ငံရေးအခြေအနေ၊ ငွေကြေးဈေးကွက်ဂယက်တွေကြောင့် အိမ်၊ခြံ၊မြေ၊ဈေးကွက်မှာ လှုပ်ခတ်လာရခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေက ခိုင်မာပြီး ပိုင်ဆိုင်မှုဖြစ်တဲ့ အိမ်ခြံမြေထဲ ဝင်လာရတာက ပိုင်ဆိုင်မှုစာရွက်တစ်ရွက် ကိုင်ထားတဲ့သဘောလို့ ပြောရမယ်။ ဈေးမတက်ဘူးဆိုတာက လွန်ခဲ့တဲ့ နှစ်နှစ်က ဈေးနှုန်းနဲ့ ငွေကြေး၊ ဒီနေ့ကာလပေါက်ဈေးရဲ့ မြန်မာငွေရဲ့ ငွေဈေး ပြန်ကြည့်မယ်ဆိုရင် မြန်မာငွေက ကျတောင် ကျသွားသေးတယ်။ အခု သိန်း ၅၀၀၀ လို့ သတ်မှတ်ပေမယ့် လွန်ခဲ့တဲ့ ၂နှစ်ရဲ့ သိန်း ၃၀၀၀ သာသာပဲရှိတယ်။ အဲဒီအတွက် အိမ်ခြံမြေဈေးတက်တယ်လို့ ပြောလို့မရဘူး။ ရောင်းအားနဲ့ ပြန်ကြည့်ရင် ဝယ်လိုအား အရမ်းလိုက်နေတဲ့အတွက်ကြောင့်ပါ” လို့ သူက ဆက်ပြောပြပါတယ်။

လက်ရှိဈေးကွက်ထဲမှာ သိန်း ၁၀၀၀ နဲ့ ၃၀၀၀ ကြား အရောင်းအဝယ်ပိုမိုဖြစ်နေပြီး သိန်း ၁၀၀၀ အောက် တိုက်ခန်းတွေ ဝယ်လိုအား‌ နှေးနေတယ်လို့ သိရပါတယ်။

ပြည်နယ်နှင့် တိုင်းအလိုက် ကြည့်ပါက ရန်ကုန်မြို့မှာ ပိုမိုရင်းနှီးမြှုပ်နှံနေကြပြီး ပဋိပက္ခဖြစ်နေတဲ့ မြို့ကြီးတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ တက်လာသလို ရန်ကုန်မြို့စွန်မြို့ဖျားပိုင်းမှာလည်း ပိုမိုရင်းနှီးမြှုပ်နှံလာကြတာကို တွေ့ရှိရပါတယ်။

#voiceofmyanmar #VOM #အိမ်၊ခြံ၊မြေစျေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW