မိုးရာသီ စိုက်/ဘဏ် ချေးငွေကို တောင်သူတွေက အရင်လိုမချေးယူတော့

အောက်တိုဘာ ၂ ၊ ၂၀၂၂
SN(VOM)

မန္တလေးတိုင်းအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျပ် သန်း ၅၀၀၀ ကျော် လျာထားပေမယ့်လည်း အဲ့ဒီ့လျာထားချက်ကို ပြည့်မီအောင် ချေးယူသူမရှိ ဖြစ်နေတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကနေ သိရပါတယ်။

အဲ့ဒီ့တိုင်းဒေသကြီးမှာ တောင်သူတွေအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ၅၀၄၀၄ သန်း လျာထားတာဖြစ်ပါတယ်။

ချေးငွေတွေကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးနေတာဖြစ်ပြီး ချေးငွေ စုစုပေါင်း ကျပ် ၃၉၇၅၁ ဒသမ ၆၀ သန်း ထုတ်ချေးပေးခဲ့တာဖြစ်လို့ လျာထားချက်ပြည့်မီခြင်းမရှိဘူးလို့ သိရပါတယ်။

“ဘဏ်နဲ့ဝေးတဲ့ရွာတွေက အရင်က ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေက တာဝန်ခံပြီး သွားထုတ်ပေးတာရှိတယ်။ အခုက အဲ့ဒီလိုလုပ်ပေးမယ့် အုပ်ချုပ်မှုအဖွဲ့အစည်းတွေ မရှိတော့တာလည်းပါတယ်။ နောက်ပြီး လယ်ယာစွန့်ပြေးနေရတဲ့သူတွေလည်းရှိပါတယ်။ အခုမြေဆီစျေး၊ သီးနှံစျေးကွက်ပျက်နေတော့ မကိုက်လို့မစိုက်တဲ့သူတွေလည်း များလာတာပါတယ်။ နယ်မြေမအေးချမ်းတော့တာလည်းပါတယ်။ ချေးငွေကို ပုံစံ(၇ ) အပေါင်ပေးပြီး ချေးရတာလည်း လက်ရှိအခြေနေတွေအရ ချေးငွေကို သတ်မှတ်ချိန်ပြန်မပေးနိုင်ရင် တရားစွဲတာ၊ လယ်သိမ်းတာတွေထိလုပ်နေတာလေ။ တောင်သူက မချေးရဲတော့တာပါ” လို့ မန္တလေးတိုင်းအတွင်းက တောင်သူတဦးက ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို အဲ့ဒီ့တိုင်းဒေသကြီးအတွင်း ၂၃ မြို့နယ်က ကျေးရွာ ၆၂၃ ရွာက တောင်သူပေါင်း ၅၀၀၂၆ ဦးတို့ရဲ့ စပါးသီးနှံနဲ့ တခြားသီးနှံ ဧကပေါင်း ၂၆၉၈၆၉ အတွက် ထုတ်ချေးပေးနေတာဖြစ်တယ်လို့ နစကရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။

အဲ့ဒီ့ စိုက်ပျိုးစရိတ်ချေးငွေတွေရဲ့ သတ်မှတ်ချက်ကတော့ စပါးသီးနှံ ၁ ဧကကို ကျပ် တစ်သိန်းခွဲ၊ တခြားသီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုပ်၊ ဝါ စတာတွေအတွက် ၁ ဧက ကျပ် တစ်သိန်းနှုန်း သတ်မှတ် ထုတ်ချေးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo-MH
#voiceofmyanmar #VOM #စိုက်ဘဏ်ချေးငွေ #တောင်သူတွေမချေးနိုင်တော့

Related posts

Leave a Comment

VOM News

FREE
VIEW