စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လူပေါင်း ၃၇ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်သတ်ခံရတဲ့သူ ၃၇ ဦးရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မုံရွာ ၊ ကလေး ၊ ရွှေဘို ၊ ဝက်လက် ၊ ကန့်ဘလူ ၊ စစ်ကိုင်း စတဲ့မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်သတ်ခံရသူ ၃၇ ဦးရှိတယ် ၊ သေဆုံးသူတွေဟာ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ ပါဝင်သလို ၊ ဝန်ထမ်း ၊ စျေးသည် ၊ တောင်သူနဲ့ ရာအိမ်မှူးတချို့ဖြစ်တယ် ၊ ဘယ်သူတွေက ပစ်သတ်တယ်ဆိုတာ အမှုပေါ် ပေါက်တာ အခုထိ မရှိသေးဘူး ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်တာလို့ပြောကြတာပဲ ၊ တချို့ပစ်သတ်ခံရသူတွေဟာ နေအိမ် မိသားစုရှေ့မှာတင် သတ်ခံရတာ ” လို့ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့ လူမှုကူညီရေးအဖွဲ့ ပရဟိတသမားတွေက ပြောပါတယ်။

အဲ့ဒီလို ပစ်သတ်ခံရတာတွေနဲ့ ပတ်သက်လို့ သိရတာက ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ၊စည်တီးရပ်ကွက်နေ ဦးကျော်နိုင် ဆိုသူ ပစ်သတ်ခံရပြီး စက်တင်ဘာ ၂ ရက် ၊ မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် ၊ ပိတ္တောကျေးရွာနေ ဦးအောင်နိုင်ဆိုသူ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကလေးမြို့နယ် ၊ သာစည်ကျေးရွာ ၊ ကလေး ဂန့်ဂေါကားလမ်းအနီးက လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ခံ လူငယ်ဖွံ့ဖြိုးရေး မိဘမဲ့ ပရဟိတ ဂေဟာကျောင်းက ကျောင်းအုပ်ကြီး ဦးကြာတင့် ခေါ် ဘလေးစံ ဆိုသူကို သူ့ကျောင်းက မိဘမဲ့ ကျောင်းသား ၇ ယောက်က သတ်ဖြတ်တာကို ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ် ၊ ရုံးပင်ကန်ကျေးရွာနေ မယမင်း ဆိုသူ ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ချင်းတွင်းမြစ်ကျောက်ဆောင်ဆိပ်ကမ်းက ညောင်ပင်ကြီးအောက်မှာ ဦးဇော်ဦး ဆိုသူ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ ရွှေဘိုမြို့နယ် ၊ ချီပါမြောက်ရွာနေ ဦးချက်ကြီး ဆိုသူ ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ ၊ ဗန်းမောက်မြို့နယ် ၊ နောင်ပတ်ကျေးရွာ ၊ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဥူးဂန္ဓမာ အသတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာ ရေဦးမြို့ ၊ မူးမြစ်ကူးတံတားနားမှာ အမည်မသိ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့နယ် ၊ ထန်းတောကျေးရွာနေ ကိုဇော်ရဲအောင် ဆိုသူလည်း ပစ်သတ်ခံရပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ ၁၀ ရက် ၊ ညနေပိုင်းမှာ ဝက်လက်မြို့နယ် ၊ အုန္နဲဘုတ်ကျေးရွာမှာနေတဲ့ ကိုမိုးထက်ဦး ဆိုသူ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက် ၊ နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ချမ်းမြသာစည်ရပ်ကွက်မှာနေတဲ့ ကိုဖိုးအောင် ခေါ် အောင်ကျော်ထွန်း ပစ်သတ်ခံရပြီး ၊ အဲ့ဒီနေ့ မနက်ပိုင်းကပဲ ဖောင်းပြင်မြို့နယ် ၊ မယ်ဇလီကျေးရွာနေ ဦးကြည်လင် ဆိုသူလည်း ပစ်သတ်ခံရပါတယ်။

စက်တင်ဘာ ၁၁ ရက် ၊ ညနေပိုင်းမှာ ဝက်လက်မြို့နယ် ၊ မန်ကျည်းတုံကျေးရွာမှာနေတဲ့ ဦးကျော်ထွန်း ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၁၂ ရက် ၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့ ၊ နီလာရပ်ကွက် ၊ အမှတ် ၃ စစ်ကိုင်း ရွှေဘို ခရိုင်ချင်း ချိတ်ဆက်လမ်းမှာ အမည်မသိ အမျိုးသမီး ၂ ဦး ပစ်သတ်ခံရတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၁၂ ရက် ညပိုင်းက မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှာ မစုလှိုင်ဝင်း ဆိုသူ ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဝက်လက်မြို့နယ် ၊ မန်ကျည်းတုံကျေးရွာမှာနေတဲ့ ကိုစိုးမင်းထိုက် ပစ်သတ်ခံရတာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ မနက်ပိုင်းကပဲ တမူးခရိုင် ၊ ခမ်းပတ်မြို့ ၊ အမှတ် ၃ ရပ်ကွက်နေ ကိုထွန်းထွန်းလင်း ခေါ် ငမုန်း ဆိုသူလည်း ပစ်သတ်ခံရပါသေးတယ်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းက စစ်ကိုင်းမြို့နယ် ၊ အောင်စည်ပင်ကျေးရွာမှာနေတဲ့ ရာအိမ်မှူးဖြစ်သူ ဦးဝင်းခိုင် ပစ်သတ်ခံရတာဖြစ်ပြီး ၊ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာ 5 star ကြက်ကြော်အရောင်းဆိုင် စျေးသည် မဝေနှင်းဦး ပစ်သတ်ခံရပါတယ်။ အဲ့ဒီနေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ ဆင်မြေကျေးရွာမှာနေတဲ့ ဦးနန်းအောင်သူနဲ့ ဦးဖြိုးမင်းသူ ၂ ဦး ပစ်သတ်ခံရပါတယ်။

စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် ၊ လိတ္တုကျေးရွာအုပ်စု ၊ အင်ကြင်းစုကျေးရွာမှာနေတဲ့ ဦးကြည်လွင်နဲ့ ဦးခင်မောင်းသိန်း ဆိုသူ ၂ ဦး ပစ်သတ်ခံရပြီး ၊ စက်တင်ဘာ ၁၈ ရက်ညက ကလေးမြို့ ၊ အောင်မဂ်လာရပ်ကွက် ၊ အိမ်အမှတ် ၆၁ မှာနေတဲ့ အိမ်ရှင်လင်မယား ပစ်သတ်ခံရပြီး အမျိုးသားဖြစ်သူ ဦးဝင်မောင် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက မုံရွာမြို့၊နန္ဒဝန်ရပ်ကွက် ၊ နန္ဒဝန်စျေးထဲမှာ စျေးဝယ်နေတဲ့ လင်မယား ၂ ယောက် ပစ်သတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့ပြီး အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ မုံရွာမြို့ ၊ စက်မှုဇုန် ၊ မြို့ရှောင်လမ်းမှာ လယ်ဇင်ကျေးရွာမှာနေတဲ့ ကိုကျော်ခိုင်ဆိုသူ ပစ်သတ်ခံရပါတယ်။

ဒါ့အပြင် အဲ့ဒီညမှာပဲ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာနေတဲ့ ကိုထွန်းထွန်းဝင်း ပစ်သတ်ခံရပြီး အဲ့ဒီနောက်တရက် စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် ၊ ထန်းတပင်ကျေးရွာနေ ဦးမောင်ဇော် ဆိုသူ ပစ်သတ်ခံရပါတယ်။

စက်တင်ဘာ ၂၁ ရက် ညပိုင်းက ကန့်ဘလူမြို့နယ် ၊ ကာဘိုးကျေးရွာအုပ်စု ၊ အိုင်ပေါင်ကျေးရွာမှာနေတဲ့ ဦးထွန်းမြတ်ကျော် ဆိုသူ ပစ်သတ်ခံရပြီး ၊ အဲ့ဒီနေ့ မနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ မအူပင် အရှေ့ကျေးရွာမှာနေတဲ့ ဦးခိုင်ဇော်လင်း ပစ်သတ်တာခံရပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့ မနက်အစောပိုင်းမှာပဲ စစ်ကိုင်းမြို့နယ် ၊ ရွာသစ်ကြီးကျေးရွာ ၊ ရွာလယ်ရပ်ကွက် မှာနေတဲ့ ကိုဖြိုးဇင်အောင် ခေါ် ကိုဖြိုး ပစ်သတ်ခံရပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ မုံရွာမြို့နယ် ၊ ကိုင်းတောကျေးရွာ ၊ မုံရွာ ကိုင်းတောကားလမ်းဘေး အမှိုက်ပုံမှာ ဟုမ္မလင်းမြို့မှာနေတဲ့ မမေဖြိုးဝေ ဆိုတဲ့ကလေးမ မီးရှို့သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ရွှေဘိုမြို့ ၊ အမှတ် ၅ ရပ်ကွက် ၊ မင်းရပ်နယ်မြေမှာ နေတဲ့ဒေါ်တင့်ဆိုသူ ပစ်သတ်ခံရပြီး စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ကလေးမြို့ ၊ အောင်မဂ်လာရပ်ကွက် ၊ ဘုရင့်နောင်လမ်းပေါ်မှာ ကျောင်းပို့ပြန်လာတဲ့ မစုပြည့်ဖြိုး ပစ်သတ်ခံရသလို စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းက ထီးချိုင့်မြို့၊ အမှတ် ၂ ရပ်ကွက်နေ ၊ ဦးစံမြိုင် ဆိုသူ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို ပစ်သတ်ခံရတဲ့သူတွေဟာ နေအိမ်မှာရှိနေတဲ့အချိန် ၊ စျေးသွားဝယ်တဲ့အချိန် ၊ ကျောင်းပို့ကျောင်ကြိုပြန်တဲ့အချိန် ယာခင်းတောမှာ အလုပ်လုပ်နေတဲ့အချိန်တွေမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ သေဆုံးသူ အရေအတွက်ထဲမှာ ၂ ဖက်ထိတွေ့တိုက်ပွဲတွေကြား သေဆုံးသူတွေ ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW