ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေး မြင့်တက်နေလို့ လာမယ့်နှစ်မှာ စပါးစိုက်သူနည်းပြီး ဆန်ဈေးမြင့်တက်လာဖွယ်ရှိ

အောက်တိုဘာ ၂-၂၀၂၂
SN (VOM)

လက်ရှိဈေးကွက်အတွင်း ဓာတ်မြေဩဇာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် လာမယ့်နှစ်မှာ စပါးစိုက်ပျိုးသူနည်းပြီး ဆန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စပါးစိုက်တောင်သူတွေဆီက သိရပါတယ်။

ဓာတ်မြေဩဇာဈေးနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ထုတ်လုပ်မှုစရိတ်တွေလည်း မြင့်တက်နေပြီး လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ငါးသိန်းနီးပါး ရှိလာတယ်လို့ ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတဦးက ပြောပါတယ်။

“အခု မြေဆီဈေးက၊ သုံးဆလောက်တက်သွားတယ်။ စက်သုံးဆီဈေးက မတရားတက်တယ်ဆိုတော့ စပါးစိုက်တောင်သူ တော်တော် အခက်ခဲဖြစ်နေတယ်။ လယ်တစ်ဧကကို အရင်းတင် ၅သိန်းရှိတယ်။ ဆန်ဈေးတွေတက်လို့်လည်း လယ်သမားတွေ အဆင်မပြေပါဘူး။ မြေဆီဖိုး၊ လယ်ထွန်ခ၊ ရိတ်သိမ်းခ၊ အလုပ်သမားခတွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရတာနဲ့ ဒီလိုပုံစံအတိုင်းပဲ ဆက်သွားမယ်ဆိုရင် လာမယ့်နှစ်မှာ လယ်သမားတွေ စပါးမစိုက်နိုင်လောက်တော့ဘူး” လို့ ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတဦးက ပြောပါတယ်။

ယခုနှစ်မှာ မိုးစပါးစိုက်ပျိုးထားပြီး စပါးပေါ်ချိန် ဈေးကောင်းမရရှိပါကလည်း လာမယ့်နှစ် စပါးစိုက်ရာသီမှာ စိုက်ပျိုးသူနည်းပါးကာ ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း သူက ဆက်လက် ပြောဆိုပါတယ်။

“ဆန်ဈေးတွေတက်နေတာလည်း မကြိုက်ပါဘူး။ သူပစ္စည်းဈေးကျ ကိုယ့်စပါးလည်း ထိုက်သင့်သလောက်ရရင် တော်ပါပြီ။ အခုပေါ်မယ့် မိုးစပါးမှာ ဈေးကောင်းမရရင်တော့ နောက်နှစ်ခါ လယ်တောင်လုပ်နိုင်မှာမဟုတ်ဘူး။ ဒါက တနိုင်ငံလုံးကလယ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲပါ။ အခုနှစ်တောင် မစိုက်ပျိုးနိုင်တဲ့သူတွေအများကြီးပါ” လို့ ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတဦးက ပြောပါတယ်။

လာမယ့် မိုးစပါးပေါ်ချိန် ဆန်ဈေး ငါးသောင်းအောက်ရောက်ရှိပါက လယ်သမားတွေ အရှုံးပေါ်နိုင်သလို စက်သုံးဆီစျေးလည်းမြင့်တက်နေတဲ့အပြင် ပြည်တွင်းဓာတ်မြေဩဇာဈေးမှာ ယခင်က ၂၈၀၀၀ ကျပ်သာရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ် ၁၅၀၀၀၀ အထိ ဈေးမြင့်တက်နေပြီး လယ်တစ်ဧကကို ဓာတ်မြေဩဇာ ကျပ် သုံးသိန်းဖိုးအထိ အသုံးပြုရတယ်လို့ သိရပါတယ်။

ရိတ်သိမ်းခများမှာလည်း ကျပ် ၁သိန်းနီးပါး ပေါက်ဈေးရှိနေတာကြောင့် လယ်သမားတွေအနေနဲ့ စိုက်ပျိုးရာမှာ အခက်အခဲတွေရှိနေပြီး စပါးစိုက်ပျိုးသူ နည်းပါးလာတယ်လို့လည်း သိရပါတယ်။

အစိုးရကပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေမှာလည်း တစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းနဲ့ ၁၀ ဧကအတွက်သာ ရရှိတာဖြစ်လို့ သတ်မှတ်ဧကထက် ကျော်လွန်နေတဲ့ လယ်ယာမြေတွေမှာ ချေးငွေတွေမရရှိဘူးလို့ သိရပါတယ်။

ချေးငွေပြန်ဆပ်ရမယ့် ကာလကိုလည်း ရှစ်လသာပေးထားပြီး အတိုးမှာ ၅ ရာခိုင်နှုန်းဖြစ်တာ‌ကြောင့် အခုရရှိတဲ့ စိုက်ပျိုးစရိတ်ချေးငွေမှာ တောင်သူတွေအတွက် မက်လောက်စရာမရှိဘူးလို့ တောင်သူအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

Photo-Agriculture Group
#voiceofmyanmar #VOM #လာမယ့်နှစ် #စပါးစိုက်သူနည်းပြီးဆန်ဈေးမြင့်တက်လာဖွယ်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW