မန္တလေး-ရန်ကုန် ကားလမ်းဟောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ပလိပ်ရဲစခန်းမှူး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

အောက်တိုဘာ ၊ ၄ ၊ ၂၀၂၂
SP( VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ စဥ့်ကိုင်မြို့နယ် ၊ အိုးထိန်းတောင်ကျေးရွာအနီး ၊ မန္တလေး -ရန်ကုန် အဝေးပြေး ကားလမ်းဟောင်း ၊ စဥ့်ကိုင် ပေါ်တော်မူဘုရားနားမှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ ညနေပိုင်းက ပလိပ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားတစ်စီး ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးကာ ၃ဦးဒဏ်ရာရခဲ့တယ်လို့ အဝေးပြေးကားသမားတွေဆီက သိရပါတယ်။

” အပစ်ခံရတာ ပလိပ်စခန်းမှူးကားလို့ သိရတယ် ၊ သူကတော့ နေရာမှာတင်သေတယ် ၊ ကျန် လူ ၃ ယောက်ကတော့ ဒဏ်ရာရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်လို့ ကျောက်ဆည်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပလိပ် နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနဲ့အဖွဲ့ လိုက်ပါလာတဲ့ကား ပစ်ခံရတာပါ ၊ ရဲစခန်းမှူးကတော့ နေရာမှာတင် ကျဆုံးပြီး ၊ ကျန်လူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ ဖြစ်စဥ်အသေးစိပ် အခြေအနေကို စစ်ဆေးနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ ပလိပ် ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်း နဲ့ ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူတို့ သေပြီး ပုလိပ်လျှပ်စစ် (EPC) မန်နေဂျာ ဇွဲညီညီဝင်းနဲ့ ရဲတပ်သား တယောက် ဒဏ်ရာရတာဖြစ်တယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီဖြစ်စဥ်ဖြစ်ပွားမှုအပြီး ဒေသခံ လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အိုးထိန်းရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီး ရဲကင်းစခန်းမှာ တာဝန်ကျ ရဲ ၄ ဦးက စျေးဝယ်သွားတဲ့အချိန် လမ်းမှာ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စဥ့်ကိုင်

Related posts

Leave a Comment

VOM News

FREE
VIEW