ကော်မတီထုတ်ပြန်တဲ့ စားသုံးဆီဈေးနဲ့ ပြင်ပပေါက်ဈေး ကျပ် ၂ထောင်ကျော် ကွာဟနေ

အောက်တိုဘာ ၅ – ၂၀၂၂
SN (VOM)

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စားသုံးဆီ အခြေခံရည်ညွှန်းဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးဟာ ကျပ် ၂ထောင်ကျော် ကွာဟနေတယ်လို့ ဈေးကွက်ထဲကနေ သိရပါတယ်။

ကော်မတီအနေနဲ့ အောက်တိုဘာ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စားသုံးဆီရည်ညွှန်းဈေးကို တပိဿာ ၄၀၂၀ ကျပ်အဖြစ် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်ထဲမှာတော့ တစ်ပိဿာ ကျပ် ၆၇၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတာပဲ ဖြစ်ပါတယ်။

“သူတို့က စျေးကျအောင်လို့ဆိုပြီး စျေးတွေလျှော့သတ်မှတ်တယ်ဆိုပေမယ့် အခုရက်ပိုင်း ဝယ်ရတာလည်း ၆၅၀၀၊၆၇၀၀ ပဲ။ သူတို့သတ်မှတ်တဲ့ ၄၀၀၀ ကျော်ဆိုတာ စျေးထဲမှာမရပါဘူး။ စျေးထဲမှာကိုယ်တိုင် လာဝယ်ကြည့်စေချင်တယ်။ သူတို့ပြောတဲ့စျေးနဲ့ ဝယ်လို့ ရလား၊ မရလားဆိုတာကို သိစေချင်တယ်” လို့ ပြည်သူတဦးက ပြောပါတယ်။

စျေးနှုန်းတွေလျှော့ချဖို့နဲ့ ဈေးကစားရင် အရေးယူမယ်လို့ ကော်မတီဘက်က ကြေညာချက်တွေ ရှိပေမယ့်လည်း စျေးကွက်ထဲမှာတော့ အခြေခံရည်ညွှန်း‌‌ဈေးထက် ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။

“ကျပ် ၆၀၀၀ ကျော်နဲ့ ရောင်းချဖို့ သတ်မှတ်တဲ့အချိန်တုန်းက ကျပ် ၉၀၀၀ ကျော်၊ တသောင်းနီးပါးနဲ့ ဝယ်ရတယ်။ အခု ကျပ် ၄၀၀၀ ကျော် သတ်မှတ်တဲ့အချိန်ကျတော့လည်း ကျပ် ၆၀၀၀ ကျော်နဲ့ ဝယ်နေရတယ်” လို့ အိမ်ရှင်မ တဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းစျေးကွက်ထဲ မူလပေါက်စျေးထက် စားသုံးဆီစျေးတွေ မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်အတွင်း အလှည့်ကျ လှည့်လည်ရောင်းချနေတဲ့ဆီတွေကို တန်းစီဝယ်ယူနေရတာတွေလည်း ရှိလာပါတယ်။

ဈေးကွက်အတွင်း မရှိမဖြစ်စားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ ဈေးနှစ်ဆကျော် မြင့်တက်လာတာဖြစ်သလို နိုင်ငံရေးအခြေအနေတွေအရ အလုပ်လက်မဲ့ဦးရေလည်း မြင့်တက်ခဲ့တာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေးခက်ခဲမှုတွေ ရှိလာ‌နေပါတယ်။

Photo-MEODA
#voiceofmyanmar #VOM #စားသုံးဆီစျေးနူန်း

Related posts

Leave a Comment

VOM News

FREE
VIEW