ဂျပန်နိူင်ငံသား သတင်းထောက် ပုဒ်မနှစ်ခုနဲ့ ထောင်(၇)နှစ်ခံရ

အောက်တိုဘာ ၆-၂၀၂၂
KK(VOM)

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Mr Toru Kubota ကို မနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

Mr Toru Kubota ကို မနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅(က)၊အီလက်ထ​ရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးနယ်မြေထဲက မြို့နယ်တွေဆိုတော့ စစ်ခုံရုံးက စစ်တာ၊ အမိန့်ချတာလည်း မြန်တယ်၊ ပုဒ်မ နှစ်ခုလုံးကို တစ်ပြိုင်တည်းချတာ၊ လဝကပုဒ်မနဲ့စွဲထားတာက စစ်နေတုန်း”လို့ ပြောပါတယ်။

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Mr Toru Kubota အပါအဝင်သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မြိတ်လမ်းက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခဲ့ပြီးနောက် အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး Mr Toru Kubota ကို သြဂုတ်လ ၃၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊လ၀က ဥပဒေပုဒ်မ-၁၃(၁)နဲ့ ရုံးထုတ်ခဲ့တာဖြစ်ပြီး နောက်ရုံးချိန်းမှာ အီလက်ထ​ရောနစ်ဥပဒေပုဒ်မ ၃၃(က)နဲ့ ထပ်မံတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်တလောမှာ Mr Toru Kubota မှာ ထောင်ဒဏ် ၇ နှစ်ချခံထားရပြီး လ၀က ဥပဒေပုဒ်မ-၁၃(၁) အမှုအတွက်တရားရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဂျပန်နိူင်ငံသားသတင်းထောက် #ထောင်၇နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW