မန္တလေးမြို့မှာ ဆေးဆိုင် အနုကြမ်းစီးပြီး အမျိုးသမီး ၂ဦး သတ်သွားတဲ့သူကို ဖမ်းဆီးရမိ

အောက်တိုဘာ ၆-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်းနဲ့ ၁၁၈လမ်းအနီးက ဆေးဆိုင်တစ်ဆိုင်ဟာ ဒီကနေ့မနက်ပိုင်းအစောပိုင်း ၅နာရီကျော်ခန့်က အနုကြမ်းစီးခံရပြီး ဆေးဆိုင်အတွင်းက အမျိုးသမီး၂ဦး အသတ်ခံလိုက်ရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်က ကျူးလွန်သွားသူ အမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့က အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

” တရားခံ မိပါပြီ ၊ ကျူးလွန်သူက အဲ့ဒီပတ်၀န်းကျင်ကပဲ၊ စစ်ဆေးကြည့်တော့ ၀င်ခိုးတဲ့အချိန် အဲ့ဒီအမျိုးသမီး ၂ယောက်က အိမ်နီးနားချင်းမှန်းသိလို့ သတ်ပစ်လိုက်တာလို့ သိရတယ်၊ မိတာကတော့ အခင်းဖြစ်တဲ့အိမ်ရဲ့အနောက်ဘက် ခြံ၀င်းအလွတ်ထဲက ဗွက်အိုင်ထဲမှာ မိတာပါ”လို့ ရဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၅၇နှစ်အမျိုးသမီးနဲ့ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး ပစ်မှုကျူးလွန်သူကတော့ အသက် ၃၈နှစ်အရွယ် အမျိုးသားတဦးဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အမျိုးသမီး၂ဦးကို ကားရှော့ခ်ဘားနဲ့ ဦးခေါင်းတွေကိုရိုက်နှက်ကာ သတ်ပစ်ခဲ့ပြီးနောက် ဗီရိုအတွင်းမှ ငွေ ၂၈သိန်းကျပ်၊ ဖုန်း၂လုံးတို့ကို ယူဆောင်သွားကာ ဖမ်းမ်ိချိန်မှာ အဲ့ဒီပစ္စည်းတွေနဲ့ ဖမ်းမိတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြစ်မှုကျူးလွန်သူကို ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး အရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်နားမှာ ကားလုယူခံရပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ကျူးလွန်သူတရားခံကို နောက်တရက် တောင်ကြီးမှာ ဖမ်းဆီးရမိခဲ့တာလည်း ရှိခဲ့ပါတယ်။

Photo – Original Uploader
#voiceofmyanmar #VOM #မန္တလေး #အနုကြမ်းစီး #အမျိုးသမီး၂ဦးအသတ်ခံရ #ကျူလွန်သူကိုဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW