ဧရာဝတီတိုင်းမှာ ၉ လအတွင်း အဆောက်အဦ ၃၀ ကျော် မီးရှို့ခံခဲ့ရ

အောက်တိုဘာ၊ ၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းထဲမှာ ယခုနှစ် ၉ လအတွင်း မီးရှို့ခံရတာကြောင့် အဆောက်အဦး အလုံး ၃၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ် ။

အဆောက်အဦး ၃၀ ကျော်ဟာ ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ ၉ လအတွင်းမှာ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဒေသခံတွေက သူတို့ရဲ့မိသားစုနေအိမ်တွေ မီးရှို့ခံရတာကြောင့် စိတ်ထိခိုက်ခံစားရတဲ့အထိ ဖြစ်နေတယ်လို့သိရပါတယ် ။

”မီးရှို့ခံရတာကြောင့် ဆုံးရှုံးခဲ့ရတာတွေမနည်းရှိခဲ့တယ် ၊ လူတွေတော့ သေဆုံးခဲ့တာမရှိပါဘူး ၊ ဘယ်သူတွေရှို့ တယ်ဆိုတာလည်း ဒီကနေ့အထိ လက်သည် မပေါ်သေးဘူး ၊ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စိတ်ထိခိုက်တဲ့အထိတောင် ဖြစ်သွားခဲ့တာတွေ့ရှိခဲ့တယ်။”လို့ အမည်မဖော်လိုတဲ့သူတဦးကပြောပါတယ်။

မီးရှို့ခံရတာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အဆောက်အဦတွေထဲမှာ ဒေသခံတွေရဲ့ နေအိမ် အလုံး ၂၀ လောက်ဖြစ်ပြီး စာသင်ကျောင်းနဲ့ အခြား အဆောက်အဦတွေက ၁၀ လုံး ကျော်လောက်အထိရှိတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေသိရပါတယ်။

”မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေက မနက် အရုဏ်တက်မှာ ဖြစ်တာများတယ် ၊ အဆောက်အဦတွေကလည်း ဒေသခံတွေရဲ့ နေအိမ် အဆောက်အဦတွေ မီးရှို့ခံရတာများတယ် ၊ မီးက လောင်နေတော့မှ သိရတာ ဘယ်သူ ဘယ်အဖွဲ့က ရှို့တယ်ဆိုတာ မသိဘူး ၊ ဖော်ထုတ်မိတာလည်း မရှိဘူး ၊ ပြည်သူတွေရဲ့ နေအိမ် အဆောက်အဦတွေ မီးရှို့ခံရတာတွေ့ရတော့စိတ်ထဲ မကောင်းဘူး ၊ သူများ မိသားစု နေအိမ် အသိုက်အမြုံကို ဖျက်တဲ့သူတွေ တန်ပြန်ခံရမှာသေချာတယ် ၊ဘယ်သူ ဘယ်အဖွဲ့ပဲရှို့ရှို့ ဆုံးရှုံးတာများတာကတော့ ပြည်သူပဲ”လို့ ပရဟိတအဖွဲ့ဝင် တဦးကပြောပါတယ်။

မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေဟာ ဟင်္သာတ ၊ ကြံခင်း ၊ ကန်ကြီးထောင့် ၊ မအူပင် ၊ ညောင်တုန်း ၊ ပန်းတနာ် ၊ ပုသိမ် ၊ ငါးသိုင်းချောင်း ၊ ငပုတော ၊ လပွတ္တာ ၊ စတဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တာများတယ်လို့ သိရပြီး ဆုံးရှုံးတဲ့တန်ဖိုးဟာ သိန်းပေါင်း ထောင်နဲ့ချီရှိတယ်လို့ ဒေသခံတွေနဲ့ ပရဟိတ အဖွဲ့တွေဆီကနေ သိရပါတယ် ။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW