ဆန်နှင့်ဆန်ကွဲ ဝင်ရောက်မှု ၂ ဆခန့် မြင့်တက်လာလို့ ဆန်စျေးအနည်းငယ် ပြန်ကျနိုင်

အောက်တိုဘာ ၉ – ၂၀၂၂
SN (VOM)

အခုရက်ပိုင်းအတွင်း ပြည်တွင်းဒေသအစုံက မိုးစပါးတွေ ထွက်ရှိလာတဲ့အတွက် ဈေးကွက်ထဲ ဆန်နဲ့ဆန်ကွဲ ဝင်ရောက်မှု၂ ဆခန့် မြင့်တက်လာတာကြောင့် ဆန်စျေးအနည်းငယ် ပြန်ကျနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ဆန်နဲ့ ဆန်ကွဲ ဝင်ရောက်မှုဟာ အိတ်ရေ ၅၀,၀၀၀ ခန့်သာရှိသော်လည်း အောက်တိုဘာ ၃ ရက်နေ့က စလို့ အိတ်ရေ ၁၀၀,၀၀၀ ခန့်အထိ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းရဲ့ ထုတ်ပြန်ထားချက်အရ ပြည်သူအများစု နေ့စဉ်စားသုံးနေရတဲ့ ဆန်ဈေးနှုန်း အနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။

အခုလ ပထမအပတ်ကစတင်ပြီး ဆန်ဈေးနှုန်းအမျိုးအစားအလိုက် ၂၄ ပြည်တစ်အိတ်ကို ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ ပြန်ကျလာတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

“မိုးစပါးပေါ်ချိန်ဖြစ်လို့ ဈေးကွက်ထဲ ဆန်အဝင်များနေတာပါ။ အဲ့ဒါကြောင့် ဆန်ဈေးက တအိအိနဲ့တော့ ပြန်ကျနေတယ်။ ပြည်တွင်းငွေလဲနှုန်းကလည်း ၃ ထောင်အောက်ရောက်နေတဲ့အချိန် ဖြစ်တာကြောင့်လည်းပါတာပေါ့။ ငွေလဲနှုန်းဈေးမြင့်ရင် ဆန်ဈေးလည်းမြင့်လာနိုင်ပါတယ်” လို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက အောက်တိုဘာ ၇ ရက် ထုတ်ပြန်တဲ့ ဆန်ဈေးအရ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၀၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းတစ်အိတ်ကို ၆၅၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်အိတ်ကို ၆၅၀၀၀ ကျပ်နဲ့ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ၆၅၀၀၀ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိ ပြင်ပလက်လီဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၉၃၀၀၀ ၊ ပုသိမ်ပေါ်ဆန်း တစ်အိတ် ကို ၇၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ၇၀၀၀၀ ကျပ်နဲ့ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၆၉၀၀၀ ကျပ်ရှိတယ်လို့ ဆန်ရောင်းချသူတွေဆီက သိရပါတယ်။

Photo- MR
#voiceofmyanmar #VOM #ဆန်စျေးနူန်း #စိုက်ပျိုးရေးနှင့်စီးပွားရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW