ဘဏ်သီးသန့်အပ်ငွေအပေါ် အတိုး ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးမယ်လို့ ဗဟိုဘဏ်ကြေညာ

အောက်တိုဘာ ၈ – ၂၀၂၂
SN (VOM)

ဘဏ်တွေက မြန်မာကျပ်ငွေ(ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ – Banks” Deposits at Central Bank – CAB)နဲ့ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်မှာ အတိုး ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ ၇ ရက်နေ့ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။

ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၁၀ ဘီလီယံနဲ့အထက်ရှိတဲ့ ဘဏ်တွေကိုသာ အတိုးပေးမှာဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေ ပမာဏ ကျပ် ၅၀ ဘီလီယံအထိသာ ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။

အဲ့ဒီ့လို အတိုးပေးတာကို အောက်တိုဘာ ၁၂ ရက်ကနေ နိုဝင်ဘာ ၈ ရက်အထိ ထိန်းသိမ်းမှုကာလက စတင်ပြီး ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အတိုးငွေတွက်ချက်ရာမှာ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလအလိုက် နောက်ဆုံးနေ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် တွက်ချက်မှာဖြစ်ပြီး ထိန်းသိမ်းမှုကာလ နောက်ဆုံးနေ့ရက်ရဲ့ T+2(ဘဏ်အသုံးအနှုန်း အချိုးသတ်မှတ်ချက်)နဲ့ ဗဟိုဘဏ်ရှိ သက်ဆိုင်ရာ ဘဏ်စာရင်းထဲကို အလိုအလျောက် ထည့်သွင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ထုတ်ပြန်ချက်တွေသာ တစ်ခုပြီးတစ်ခု ထုတ်နေတာ၊ လူတွေက ဘာလိုက်လုပ်ရမှန်းမသိဘူး။ ကန့်သတ်ချက်တွေ ဖြေလျော့ပေးတာတွေနဲ့ ဖြေလျော့ပေးထားတာ‌တွေကို ပြန်ကန့်သတ်တာနဲ့ ဒါတွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတာ။ ဖြစ်လာမလားလို့ ထုတ်ပြန်ချက်တွေထုတ်ပြီး စမ်းတဝါးဝါးနဲ့ သွားနေတဲ့ပုံစံမျိုးပေါ့”လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အတိုးပေးမယ့် အနည်းဆုံးနဲ့အများဆုံး ပိုလျှံသီးသန့်ငွေပမာဏဘောင် သတ်မှတ်ချက်နဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမယ့် အတိုးနှုန်းကို ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီအောင် အတိုး၊ အလျော့ ပြောင်းလဲပြင်ဆင်တာတွေလည်း ပြုလုပ်သွားမယ်လို့ ကြေညာထားပါသေးတယ်။

လက်ရှိ ထုတ်ပြန်တဲ့ ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးတာနဲ့ပတ်သက်လို့ မြန်မာကျပ်ငွေနဲ့ လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှု (Retail Banking)ခွင့်ပြုထားတဲ့ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်တွေကို တပြေးညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo-WP
#voiceofmyanmar #VOM #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW