မော်ကျွန်းက ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီး ၁၀ ဦးအပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးခံထားရ

အောက်တိုဘာ ၊ ၉ -၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူ့စစ် ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုပြီး အမျိုးသမီး ၁၀ ယောက် အပါအဝင် ဒေသခံအယောက် ၃၀ ကျော်ကို သက်ဆိုင်ရာကအောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်ဆိုသူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ဆာဝါရီ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်သတ်ခဲ့လို့ သေဆုံးသွားတာဖြစ်ပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေဆိုပြီး ဆာဝါရီ လ္ဘက်ရည်ဆိုင် ပိုင်ရှင် မမော်ဆိုသူ အပါအဝင် ရပ်ကွက်ထဲက အမျိုးသမီး ၁၀ ဦး အပါအဝင် လူအယောက် ၃၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

“ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပြီးကတည်းက ဆက်တိုက်ဆိုသလို ဖမ်းနေတာပဲ ၊ သေနတ်နဲ့ ပစ်သွားတဲ့ အခင်းဖြစ်လ္ဘက်ဖတ်ရည်ဆိုင်က ဆိုင်ပိုင်ရှင်အစ်မကြီး တယောက်လည်း အဖမ်းခံရတဲ့အထဲမှာ ပါတယ် ၊ မိန်းကလေး ၁၀ ယောက်လောက် နဲ့ယောင်္ကျားလေး အယောက် ၂၀ ကျော်အဖမ်းခံရတာ ၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာလို့ပဲသိရတယ် ၊ ပစ်သတ်သွားတဲ့သူတွေက ၂ ယောက်တည်း ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတာ ၊ အားလုံးသိ အားလုံးအမြင်ပဲလေ စစ်သားတွေလည်း တွေ့တာပဲ ဘာလို့ ပိုက်စိပ်တိုက် ဖမ်းနေတာလဲမသိဘူး။”လို့ မော်လမြိုင်ကျွန်းက ဖမ်းဆီးခံရသူတွေနဲ့ ရင်းနှီးသူတဦး ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မသင်္ကာ ဖမ်းဆီးစုံစမ်းစစ်ဆေ ခံနေရတာဖြစ်ပြီး သူတို့တွေက လ္ဘက်ရည်ဆိုင် ကိုလာထိုင်တဲ့ စားသုံးသူတွေ ၊ ဆိုက္ကားနင်းသမားတွေ ၊ဖြစ်စဉ်ဖြစ်တဲ့နေ့က ဖြတ်သွားဖြတ်လာလုပ်မိသူတွေ ၊ အခင်းဖြစ်တဲ့နေ့က လာကြည့်မိသူတွေဖြစ်တွေဖြစ်ပြီး လူငယ်တွေများတယ်လို့ သိရပါတယ် ။

”မသင်္ကာလို့ သံသယနဲ့ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးနေတာလို့ပဲ သိရတယ် ၊ ဖမ်းခံရတဲ့သူတွေကိုလည်း ဘယ်ကိုမှ ပို့တယ်လို့ မကြားမိပါဘူး ၊ စစ်ကြောရေးမှာ နဲ့ ရဲစခန်းတွေမှာ ရှိတယ်တဲ့ ၊ ပစ်သတ်ခံရတဲ့သူကတော့ သေဆုံးသွားခဲ့ပါတယ် ၊ စစ်ဆေးယုံအဆင့် ဖမ်းတာလို့ သိရတယ် ၊ ကိုယ်က ပြစ်မှု မကျူးလွန်ထားရင် စိုးရိမ်ဖို့ မလိုပါဘူး။”လို့ တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးကပြော ပါတယ်။

မော်လမြိုင်ကျွန်းမှာ အခုလို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ အရင်ကလည်းဖြစ်ပွားခဲ့တာ ၅ ကြိမ်ထက် မနည်းရှိခဲ့တယ်လို့သိရပြီး ဒေသခံတွေကို သံသယနဲ့ဖမ်းဆီးခံရတာဟာ အခုအကြိမ်က ဖမ်းဆီးတာ အများဆုံးပဲလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း #ပြည်သူ့စစ်ပစ်သတ်ခံရတဲ့အမှု #ဒေသခံတွေဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW