တရုတ်နဲ့ အိန္ဒိယက ကြက်သွန်နီတွေ ဝင်နေလို့ တောင်သူတွေအခက်တွေ့

အောက်တိုဘာ ၉ – ၂၀၂၂
SN (VOM)

ပြည်တွင်း ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်ပေါ်ချိန်မှ ပြည်ပက ကြက်သွန်နီတွေ ဝင်ရောက်နေတာကြောင့် ရောင်းကွက်မှာ ဈေးမရ ဖြစ်နေရတယ်လို့ ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းမှစတင်ကာ ပြည်တွင်းကြက်သွန်နီစျေး တပိဿာ ၅၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ အိန္ဒိယကထွက်တဲ့ကြက်သွန်တွေ နယ်စပ်ကတဆင့် ဝင်ရောက်လာတာကြောင့် စျေးအနည်းငယ်ကျဆင်းလာပြီး လက်ရှိစျေးကွက်ထဲ ကြက်သွန်တပိဿာ ၃၅၀၀ ကျပ်ဝန်းကျင်ပဲရှိနေပါတယ်။

“စျေးတွေတက်တုန်းကလည်း တောင်သူတွေမမြတ်ပါဘူး။ စိုက်စရိတ်က ၃ ဆလောက်တက်တယ်။ မြေဆီကျတော့ လွတ်လွတ်လပ်လပ် သွင်းမရလို့ စျေးတက်တယ်ဆိုပြီး ပြောတယ်။ စားသောက်ကုန်တချို့ကကျ ဘယ်ကဝင်လာတာလဲ စဥ်းစားစရာပေါ့။ ကြက်သွန်စျေးကျလို့ စားသုံးသူတွေအဆင်ပြေနိုင်ပေမယ့် ကိုယ့်သီးနှံပေါ်ချိန်မှာ တရုတ်ကအခုလိုပဲ ဆက်ဝင်နေမယ်ဆို တောင်သူတွေအရှုံးဘဲရှိတယ်။ အရင်းအနှီးကများတယ်။ မိရိုးဖလာမို့သာ စိုက်ပျိုးနေရတာ အဆင်မပြေပါဘူး” လို့ အောင်လံမြို့ရှိ ကြက်သွန်စိုက်တောင်သူကတဦးက ပြောပါတယ်။

နောက်မိုး​ များတဲ့အတွက် စိုက်ပျိုးဖို့အခက်ခဲတွေအပြင် မြေဆီစျေးတွေမြင့်တက်နေတာ၊ စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်နေတာကြောင့်​လည်း စိုက်ပျိုးရေးလုပ်ရာမှာ ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“နေ့ရောညပါ မိုးကမပြတ်တော့ စိုက်လို့မရတဲ့နေရာတွေ အများကြီးပဲ။ ကြက်သွန်အသစ်ပေါ်ချိန် နောက်ကျမယ်။ နောက်ပြီး ကိုယ့်သီးနှံပေါ်ချိန်ကျမှ နယ်စပ်ကဝင်လာလို့ အမြဲအောက်စျေးပဲရတယ်။ အခုက အရင်းနှီးလည်းများတော့ ရှုံးမှာ။ နောက်ပြီး တိုက်ပွဲအခြေနေတွေကြောင့် မကွေးအစွန်ဖျားဘက် သိပ်မစိုက်ပျိုးနိုင်ဘူး” လို့ မကွေးတိုင်းရှိ တောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ စိုက်ပျိုးရေးအဓိက လုပ်ဆောင်လျက်ရှိတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေး မုံရွာတို့မှာ တိုက်ပွဲတွေဖြစ်နေတာပါ။

အဲ့ဒီ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်း ရွှေဘို-ရေဦး မြို့နယ်တလျှောက်မှာ လမ်းတွေပိတ်ထားပြီး ကုန်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် တောင်သူတွေဆီ လယ်ယာသုံးသွင်းအားစုတွေ အချိန်မီ မရောက်နိုင်ဘဲ လုပ်ငန်းခွင်အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ပိုဆိုးတာက အခုချိန်က ကိုယ်စိုက်ပျိုးထားတဲ့သီးနှံတွေကို သွင်းအားစုထည့်တဲ့အချိန်ဖြစ်နေပြီ။ မြေဆီတွေ၊ ပိုးသတ်ဆေးတွေ အချိန်မီမရရင် လယ်ယာတွေပျက်စီးကုန်မှာ။ အခုသူတို့က ခင်ဦးမြို့နယ်ကို ဖြတ်လေးဖြတ်​ပုံစံ စီမံချက်ထားလုပ်ဆောင်နေတာ” လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင် နစကတပ်တွေ တပ်စွဲထားတဲ့နေရာတွေမှာ စိုက်ပျိုးတာတွေ မလုင်္ပရဲကြဘူးလို့လည်း သိရပါတယ်။

(ပုံစာ ပခုက္ကူမြို့က ကြက်သွန်နီဒိုင်)

#voiceofmyanmar #VOM #ကြက်သွန်နီဈေးကျ #နယ်စပ်ကကြက်သွန်တွေဝင်ရောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW