တအိမ်ထောင်ကို ရွှေ ၁၀ သားအထိ ဝယ်ယူနိုင်ဖို့ ရွှေအသင်းမှာ ရောင်းပေးဦးမယ်လို့ သိရ

အောက်တိုဘာ ၉ – ၂၀၂၂
SN (VOM)

တအိမ်ထောင်ကို ရွှေ ၁ ကျပ်သားမှ ၁၀ သားအထိ ဝယ်ယူနိုင်ဖို့ လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး(YGEA) မှာ ရွှေအရောင်းပွဲတော်ပြုလုပ်ပြီး ရောင်းချပေးမယ်လို့ သိရပါတယ်။

အခုအစီအစဉ်ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အစီအစဉ်မဟုတ်ဘဲ ရန်ကုန်တိုင်းရွှေအသင်း အမှုဆောင်တွေက ထုတ်ရောင်းပေးခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြင်ပပေါက်ဈေးထက် ဈေးလျှော့ပြီး ရောင်းချပေးမှာပါ။ ငွေလက်ငင်းပေးချေရမှာ ဖြစ်ပါတယ်။ လာရောက် ဝယ်ယူသူတွေအနေနဲ့ တဦးကို ၁ ကျပ်သားကနေ ၁၀ သားအထိ မိမိတို့တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး လွတ်လပ်စွာ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်စုတစုကို တဦးသာ ဝယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ ရွှေဝယ်ယူလိုသူတွေအနေနဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူ တစုံစီ ယူဆောင်လာရမှာဖြစ်” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရွှေတုံး၊ ရွှေခဲ ၃ ပိဿာကို ‌ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ပေမယ့် အဲ့ဒီ့အချိန်‌တုန်းကတော့ တင်ဒါဆွဲမယ့်သူမရှိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း ဌာနအနေနဲ့ ရွှေ ၃ ပိဿာ လေလံစနစ်နဲ့ရောင်းချပေးခဲ့ပြီး တစ်ပိဿာကို သိန်း ၂၅၀၀ ဝန်းကျင်နဲ့ တဦးတည်း လေလံအောင်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ
အသင်းက မန္တလေးမြို့မှာ ရွှေ ၇ ပိဿာကို ရောင်းချပေးခဲ့ပြီး တဦးကို ၁၀ သားအထိ ဝယ်ယူခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

အခုလို ရွှေတွေ‌ထုတ်ရောင်းပေးနေတာဟာ ပြည်တွင်းရွှေဈေးကို ထိန်းပေးနိုင်ဖို့အတွက်လို့ ဆိုထားပေမယ့် လက်ရှိ ဈေးကွက်ထဲမှာတော့ ရွှေဈေးဟာ ၂၆ သိန်းဝန်းကျင်မှာပဲ ရှိနေပါသေးတယ်။

“သူတို့ကတော့ ရွှေစျေးတည်ငြိမ်အောင် ထုတ်ရောင်းတယ်ဆိုပြီး ပြောနေပေမယ့် ရွှေစျေးက အတက်ဘက်မှာပဲ ရှိနေပါသေးတယ်။ပြည်တွင်းဒေါ်လာစျေးနဲ့ ချိတ်ဆက်နေတယ်လို့မြင်တယ်။ တကယ်တော့ ရွှေက အခုချိန် အကျပိုင်းကိုသွားရမှာ​။ ဒါပေမယ့် စျေးကွက်အနေထားအရ မှန်းလို့သိပ်မလွယ်တော့ဘူး” လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းရွှေ အပိတ်ဈေးမှာ ကျပ် ၂,၆၁၀,၀၀၀ ဖြစ်ပြီး ရွှေအသင်းက ထုတ်ပြန်တဲ့ဈေးမှာတော့ ကျပ် ၁,၉၈၈,၀၀၀ ဖြစ်တာကြောင့် ပြင်ဈေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၆၂၂,၀၀၀ ကွာဟနေပါသေးတယ်။

”လက်ရှိမှာ ရွှေတွေထုတ်ရောင်းပေမယ့် စျေးတက်နေရတာက သူတို့ရောင်းတဲ့စျေးက ပြင်ပပေါက်စျေးတန်းနီးပါး ဖြစ်နေတော့ ရွှေစျေးက ကျစရာအကြောင်းမရှိပါဘူး။ အသင်းတွေရဲ့ ရည်ညွန်းစျေးအတိုင်းရောင်းရင်တော့ ကျရင်ကျမှာပေါ့။ အခုက အရင်လို ကမ္ဘာရွှေစျေးနဲ့လည်းမဆိုင်ဘူး။ ပြည်တွင်းဒေါ်လာဂယက်ကြောင့် ရွှေအတက်အကျက ကြမ်းနေတာ။ မနေ့ကတော့ ပြင်ပမှာ ၂၆ သိန်းကျော်နဲ့ စျေးဖွင့်ထားတယ်။ အခုက ပိတ်ရက်တွေဖြစ်တော့ ဒီစျေးတန်းအတိုင်းပဲ ငြိမ်နေနိုင်တယ်” လို့ နောက်ထပ် ရွှေကုန်သည်တဦးက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာတော့ တအောင်စ ၁၆၉၄ ဒေါ်လာဖြစ်ပြီး အမေရိကန် တဒေါ်လာ ရောင်းဈေး ၂၉၃၀ ၊ ဝယ်‌ဈေး ၂၈၆၀ ရှိ‌တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေ၁၀ကျပ်သားစီရောင်းပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW