ပခုက္ကူမှာ မိုးသည်းထန်စွာရွာလို့ ချောင်းရေလျှံပြီး မိသားစုဝင် ၄ ဦး ရေထဲမျောပါ

အောက်တိုဘာ ၈ – ၂၀၂၂
SN+GG (VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီနေ့ အောက်တိုဘာ ၈ ရက်၊ နံနက် ၃ နာရီခွဲအချိန်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာက မိသားစု ၄ ဦး ရေထဲမျောပါသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမှတ် (၁၅) ရပ်ကွက်၊ ဆင်ပေါက်လှ (၈) လမ်း၊ ဆင်ပေါက်လှချောင်းရေကြီးပြီး ကျား (၂) ဦး၊ မ (၂) ဦး စုစုပေါင်း (၄) ဦး ချောင်းရေမျောပါသွားတာ ဖြစ်ပါတယ်။

“အမျိုးသမီးတဦးနဲ့ လေဖြတ်ထားတဲ့ အမျိုးသားတဦး အပါအဝင် ကလေး နှစ်ဦးရေထဲမျောပါသွားတာပါ။ ပခုက္ကူခရိုင်မီးသတ်က ၃ ဖွဲ့ခွဲပြီး ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့တာမှာ လက်ရှိမှာတော့ ကလေးနှစ်ယောက်ကို သေဆုံးလျက်အနေအထားနဲ့ ပြန်တွေ့ထားပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒေသခံ ပရဟိတသမားတဦးကလည်း” ညဘက်ကြီးမိုးကသည်း ရေကြီးတော့ဘေးလွတ်ရာကိုပြေးရင်း ရေစီးနဲ့ပါပြီး ရေနစ်သေကြတာ။ မနက်မှာ ကလေး၂ယောက်ကိုတွေ့တယ်၊နောက် မိခင်အလောင်းကို ညနေမှာတွေ့တယ်။ကလေးတွေကတော့ ၁၄ နှစ်ကမိန်းကလေး ၊၇ နှစ်ကယောကျ်ားလေးပါ။ “လို့ ​ပြောပါတယ်။

ပခုက္ကူခရိုင် မီးသတ်စခန်းက အဲ့ဒီ့နေ့ နံနက် ၇ နာရီ၊ မိနစ် ၂၀ အချိန်မှာ သတင်းရရှိခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီခွဲ အချိန်ခန့်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်းတွေကိုသာ ပြန်လည်တွေ့ရှိထားတယ်လို့ သိရပါတယ်။

ပခုက္ကူမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ထောင်စု ၃ စုရှိပြီး နေအိမ်နဲ့ အဝတ်အစား၊ စားသောက်ကုန်ပျက်စီးဆုံးရှုံးခဲ့ရလို့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ဖို့လိုအပ်နေတဲ့ အိမ်ထောင်စု ၄၀ ရှိနေတယ်လို့သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလကလည်း ရွှေချောင်း ချောင်းရေလျှံမှု ဖြစ်ခဲ့ဖူးပြီး ပြည်သူ ၁၀၀ ဝန်းကျင် အသက်ဆုံးရှုံးကာ နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ပါသေးတယ်။

Photo- ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန
#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW