လွယ်ဂျယ် – လားရင်း နယ်စပ်လမ်းကြောမှာ ရှန်တိန်စနစ် ထပ်တိုး သတ်မှတ်လိုက်လို့ ပိုခက်ခဲလာ

အောက်တိုဘာ ၁၀၊ ၂၀၂၂
Shy V(VOM)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့ရှိ နှစ်နိုင်ငံ ကုန်သွယ်ရာ လွယ်ဂျယ် – လားရင်း နယ်စပ်လမ်းကြောမှာ ရှန်တိန်စနစ် ထပ်တိုး သတ်မှတ်လိုက်လို့ ပိုခက်ခဲလာ ကြောင်း နယ်စပ် ကုန်သည် ကားသမားတွေဆီက သိရပါတယ်။

“အခုလောလောဆယ်တော့ စနေပြီ။ ၁ ပတ်လောက်တောင် ရှိပြီ။ မနှစ်တုန်းကလည်း လုပ်ပေမယ့် ငွေကြေး ကောက်ခံတာ မရှိခဲ့ဘူး။” လို့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ဗန်းမော်ကနေ တက်လာတဲ့ ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကို ကျောက်စခန်းမှာ ကိုဗစ်ပိုးစစ်ပြီး မတက်ခင် သတင်းပို့ကာ ကားတစ်စီးကို ငွေ ၅ သိန်း အရင်သွင်းပြီးမှသာ ကာစတန် ကွင်းထဲကို အဝင်ခံတယ်လို့ ဆိုပါတယ်။

အဲဒီ ရှန်တိန်စနစ် ကွင်းပိတ် စီမံခန့်ခွဲမှု (Close Loop Management) ကို ကုန်စည်ကူးသန်း‌ ရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး မိုးမောက် (လွယ်ဂျယ်) မြို့နယ်အဆင့် (Task Force) လုပ်ငန်းအဖွဲ့က အသိပေး ကြေငြာထားတာ ၁ လ ခန့်ကြာပြီလို့ သိရပြီး အောက်တိုဘာ ၈ ရက်နေ့က အသိ‌ပေး ထုတ်ပြန်ကြေငြာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှန်တိန် (ခေါက်တို ယာဉ်မောင်း အစားထိုး) စနစ်ကြောင့်ဆီပျောက်တာ တွေရှိပြီး ကားပျက်တာ၊ ရှန်တိန်ကြောင့် ကား ထိခိုက်ပျက်စီး တာတွေကိုလည်း ရှိန်တိန် စနစ်ကို ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီက ဘာမှ တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိတာကြောင့်ပိုမို ခက်ခဲရတယ်လို့ ယာဉ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

“ကွင်းထဲကို အုံနာ‌ သော်လည်းကောင်း၊ဒရိုင်ဗာ သော်လည်းကောင်း ဘယ်သူမှ ဝင်လို့ မရတဲ့ အခါကျတော့ ဆီ‌တွေ ပျောက်တာမျိုးရှိတယ်။ နောက် တချက်က ကား အပျက်အစီးကိစ္စ ကျနော်တို့ လျော်ကြေး မရဘူးပေါ့ဗျာ။ အဲလိုလေး အခက်အခဲလေးတွေ ရှိတာပေါ့။” လို့ သူက ရှင်းပြပါတယ်။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ ကုန်တင်ပို့ထားတဲ့ ကားတွေ ပြန်အထွက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စောင့်ဆိုင်းရတာ ဖြစ်ပြီး ကား မြန်စေချင်ရင် ၁၀ သိန်း ကနေ သိန်း ၂၀ အထိ ငွေ အပိုထပ် ပေးကြရတယ်လို့ ဆိုပါတယ်။

“ရှင်းရှင်း ပြောရရင် ကုန်သည်တွေကို သူတို့က လည်ပင်း ညှစ်တာပေါ့ဗျာ။” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။

မပေးနိုင်တဲ့ ကုန်သည်တွေက အခက် အခဲဖြစ်ကြရပြီး ကြာချိန်က ကုန်သည်တွေ ပိုက်ဆံ ပေးနိုင်ရင် အနည်းဆုံး ရက် ၂၀ ခန့်၊ မပေးနိုင်တဲ့ ကုန်သည်ဆိုရင် ၂ လ ခန့်အထိ ကြာကြောင်းနောက် ထပ် ယာဉ်မောင်း ၁ ဦးက ရှင်းပြပါတယ်။

“ကုန်စိမ်းကျတော့ ပုပ်သွားပြီပေါ့။ မနှစ်ကလည်း အစီး ရာနဲ့ချီ ပုပ်ပြီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်”လို့ သူက ထပ်ရှင်းပြပါတယ်။

ကာစတန်ဝင်းကနေ ရှန်တိန်ကွင်း၊ ရှန်တိန် ဝင်းကနေ တရုတ်ပြည်ထဲ၊ နောက် တရုတ်ပြည်ထဲ ကုမ္ပဏီတခုကနေ တခါ ပြန်မောင်းကာ ၃ ဆင့် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အဓိက အခက်အခဲ ပြဿနာကတော့ ရှိန်တိန်ကြောင့် ယာဉ်တိုက်တဲ့ ကိစ္စတွေကျတော့လည်း နစ်နာကြေး ပေးတာတွေ မရှိတဲ့ အပြင် တရုတ်နိုင်ငံထဲ ကားပျက်ခဲ့ရင်လည်း ရှိန်တိန် ကန်ထရိုက်ဆွဲတဲ့ ကုမ္ပဏီက ဘာမှ လုပ်မပေးနိုင်ဘဲ ကိုယ့် အစီအစဉ်နဲ့ ကိုယ် ဆောင်ရွက်ရတယ်လို့ ‌နောက်ထပ် ယဉ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

“ကျနော်တို့ ကုန်သည်ကနေ တဆင့် ဟိုဘက်ကို လူငှား၊ လူငှားပြီး ကားကိုပြင်၊ ပြင်ပြီးမှ ထုတ်။ ထုတ်တဲ့ ခါကျတော့လည်း တရုတ်ငွေ ၁၀၀၀ စသဖြင့် ပြန်ပေးရတယ်။” လို့ သူက ရှင်းပြပါတယ်။

ကိုဗစ်ပိုး ကူးစက်သူ အများအပြား မတွေ့ရပေမယ့် ကိုဗစ်ကို အကြောင်းပြပြီး ခရိုနီတွေနဲ့ အစိုးရ ပူးပေါင်းကာ ကွင်းပိတ် စီမံခန့်ခန်မှုနဲ့ ရှန်တိန် စနစ် ကန်ထရိုက်ဆွဲထားတာ ဖြစ်ပြီး ဒီ စနစ်ကြောင့် အပို ကုန်ကျငွေ ထက်ဝက်ကျော် ပိုကုန်ကျကာ ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း မြင့်မားတဲ့ ဒဏ်ကို ဆက်လက် ခါးစည်း ခံရကာ ပိုမို အကြပ်အတည်း ဖြစ်စေမှာ ဖြစ်ကြောင်း နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

အချိန်ကုန် ငွေကုန် သက်သာပြီး အတတ်နိုင်ဆုံး ပိုးကာကွယ်၊ ဆေးစစ်၊ ဆေးဖျန်း၊ စနစ်တကျလုပ်ပြီး နယ်စပ်ထိ ခါတိုင်းလို့ နယ်စပ်ထိ ကိုယ့် ယာဉ်မောင်းနဲ့ ကိုယ် မောင်းစေလိုတယ်လို့ ကုန်သည် နဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ လွယ်ဂျယ် – လားရင်း မာ်စပ် ကုနါသွယ်ရေးဂိတ်မှ တဆင့် တရုတ်ဘက်ကို ကုန်စိမ်း‌​တွေဖြစ်တဲ့ တစ်သျှူးငှက်ပျော၊ ငရုပ်သီးစိမ်း၊ ဖရဲသီး နဲ့ ပဲသီး စသဖြင့် အခြား စားသောက်ကုန်တွေ အဓိက တင်ပို့နေပြီး သွင်းကုန်အဖြစ် တရုတ်ဘက်မှ အထည်အလိပ်၊ စက်ပစ္စည်း၊ လျှပ်စစ် ပစ္စည်းနဲ့ ကုန်မျိုးစုံ တင်သွင်း နေတာဖြစ်ပါတယ်။

Photo Crd# ကုန်တင် ယာဉ်မောင်း ၁ ဦး

#voiceofmyanmar #VOM #လွယ်ဂျယ် #ရှန်တိန်ဂိတ် #တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး #နယ်စပ်ကုန်စည်ပို့ဆောင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW