ဧရာဝတီတိုင်းမှာ ၉ လအတွင်း ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီးတွေအပါအဝင် အမျိုးသမီး ၄၀ နီးပါး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၀-၂၀၂၂
မင်းမြတ် (VOM)

ဧရာဝတီတိုင်းမှာ ယခုနှစ် ၉ လအတွင်း သေနတ်နဲ့ပစ်သတ်ခံရလို့ ဌာနဆိုင်ရာ ဝန်ထမ်း အမျိုးသမီး တွေအပါအဝင် အမျိုးသမီး အယောက် ၄ဝ နီးပါး သေဆုံးခဲ့ရတယ်လို့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ဌာနဆိုင်ဝန်ထမ်း အမျိုးသမီးတွေ အပါအဝင် ၉ လအတွင်းမှာ အမျိုးသမီး ၃၉ ယောက် သေနတ်နဲ့ ပစ်သတ်ခံရ တာကြောင့် သေဆုံးခဲ့ရပြီး သေဆုံးခဲ့ရတဲ့ သူတွေထဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီး ၉ ဦးထက်မနည်းပါတယ်လို့ ဌာနဆိုင်ရာ ၊လူမှုကူညီရေးအဖွဲ့၊ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

””ကောက်ယူထားတဲ့ စရင်းအရဆို ၉ လအတွင်းမှာ အမျိုးသမီး အယောက် ၄၀ နီးပါး အသတ်ခံခဲ့ရတာ ၊ လူလတ်ပိုင်းအရွယ်တွေများတယ် ၊ အသတ်ခံရတဲ့ အထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေက ရုံးဆင်းတဲ့အချိန် ဆိုင်ကယ်နဲ့ အနီးကပ် ပစ်သတ်ခံရတာ ၊ ပစ္စည်းတွေယူ ချင်လို့ သတ်တာမဟုတ်ဖူး ၊ လူကိုသတ်ချင်တာ ၊ ဘာလို့လည်းဆို အသတ်ခံရတဲ့သူတွေဆီကနေ ဘာပစ္စည်းမှယူမသွားဘူး ၊ဒီဘက်မှာက ထွေအုပ် ရုံးစားရေးဝန်ထမ်းနဲ့ အခြားဝန်ထမ်းတွေ ပစ်သတ်ခံရတာ၊ တရားခံတွေကို မိတာလည်းရှိသလို မမိပဲလွတ်နေတာကလည်း များတယ်လို့သိရတယ် ၊ ဒီလထဲမှာတော့ ပစ်သတ်ခံရတာ သိပ်မကြားမိဘူး ။”လို့ ဖျာပုံမြို့နယ်ကဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ ယခုနှစ် ၁လဆန်းပိုင်းနဲ့ ၈ လပိုင်းတွေမှာ ပိုအဖြစ်များခဲ့ပြီး လမ်းဘေးမှာ ကွမ်းယာ ရောင်းနေတဲ့ အမျိုးသမီး ၅ ယောက်ထက်မနည်း အသတ်ခံရတဲ့အထဲမှာပါတယ်လို့ သိရပါတယ် ။

”ဒီနှစ်စပိုင်းကဆို ဧရာဝတီတိုင်းမှာ နေ့စဉ် ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ ရှိခဲ့တာ ၊ ဧရာဝတီတိုင်းက လူ့အသက်တွေ ဒီလောက်ပေါသလားပေါ့ ၊ ကြံခင်းမြို့မှာ ဒလန်ဆိုပြီး လမ်းဘေးမှာ ကွမ်းယာ ရောင်းတဲ့ အမျိုးသမီး ၂ ယောက် ဆို တရက်ထဲ ပစ်သတ်ခံခဲ့ရတာ ၊ ဒီကိန်းဂဏန်းတွေက ကျွန်တော်တို့အဖွဲ့တွေရဲ့ ပြုစုလို့ရထားတဲ့ မှတ်တမ်း ကိန်းဂဏန်းတွေပဲရှိသေးတာ ၊ ပစ်သတ်သွားသူတွေက ဘယ်သူ ဘယ်ဝါဆိုတာ ဒီကနေ့အထိ တိတိကျ ကျမသိရတာကများတယ် ၊ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေကလည်း ရပ်ကွက်တွေမှာ အဖြစ်များခဲ့တယ် ၊ သမာရိုးကျ သေဆုံးတာတွေမဟုတ်လို့ အလောင်း သွားသယ်ရတဲ့အခါ စိတ်ထဲ အတော့်ကိုမကောင်းဖြစ်ရတယ်။”လို့ ဧရာဝတီတိုင်းက ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ကိုင်တိုင် အမျိုးသမီးဆုံးရှုံးခဲ့ရပြီး ကလေး ၂ ယောက်နဲ့ ကျန်နေခဲ့တဲ့ အမျိုးသားတဦးက” ဒါတွေက တဖွဲ့နဲ့ တဖွဲ့ကြားက ဖြစ်နေတဲ့ကိစ္စတွေမှာ ကြားညှပ်ခံရတာ ၊ အခုကျနော်မှာ မိန်းမဆုံးရှုံးရတယ် ၊ သား သမီး ၂ ယောက်နဲ့ ကျန်ခဲ့ရတာ ၊ သူတို့အတွက် အမေဆိုတာ ခေါ်ဖို့ မရှိတော့ဘူး ၊ အခုက အကုန်ကြောက်နေရတဲ့ချိန် ၊ ဒါပေမယ့် နီးရာဓားကြ ပိုကြောက်ရပြန်တယ် ၊ အသက်လု အလုပ်လုပ်ရင်း သူတို့ မသက်မှပဲ အသက်ရှင်ရမဲ့ဘဝ ၊ ကိုယ်ချင်းစာတရားနဲ့ နေထိုင် လုပ်ကိုင်စေချင်တယ်ဗျာ ။”လို့ ပြောပါတယ်။

ပစ်သတ်ခံရတာကြောင့် သေဆုံးခဲ့ရတဲ့သူတွေက ရေကြည် ၊ ကြံခင်း ၊ မအူပင် ၊ ဖျာပုံ ၊ ပန်းတနော် ၊ ဝါးခယ်မ ၊ မော်လမြိုင်ကျွန်း ၊ ဘိုကလေး ၊ ဒေးဒရဲ ၊ ဟင်္သာတ ၊ ကျုံပျော် ၊ လပွတ္တာ ၊ ပုသိမ် ၊ စတဲ့ မြို့တွေထဲက ကျေးရွာနဲ့ ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ် ။

ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေမှာ အသတ်မသေဘဲ ဒဏ်ရာရလို့ ဆေးရုံတက် ဆေးကုသမှုခံယူရတဲ့ အမျိုးသမီး ၉ ယောက်ခန့်ရှိခဲ့တယ်လို့သိရပြီး အဲ့ဒီ သေဆုံးခဲ့ရသူနဲ့ ဒဏ်ရာရရှိခဲ့ရတဲ့ သူတွေရဲ့ ကိန်းဂဏန်းတွေဟာ ဒေသခံတွေ ၊ ပရဟိတအဖွဲ့တွေ ၊ ဌာဆိုင်ရာတွေ ၊ သက်ဆိုင်ရာက ထုတ်ပြန်ချက် တွေအရ သိရတာဖြစ်ပါတယ် ။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW