ဝမ်းတွင်း ရဲစခန်းမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၂
SP( VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့ ၊ ဝမ်းတွင်းမြို့မရဲစခန်းမှာ ခေတ္တစခန်းမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာအရှိတဦးဟာ မနေ့ အောက်တိုဘာ ၉ ရက် ညပိုင်းက မီးထွန်းပွဲ လုံခြုံရေးကျနေရင်း ပစ်သတ်ခံရတယ်လို့ ဝမ်းတွင်း ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဖြစ်တာက မနေ့ကည ၉ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက အမှတ် ၁ ရပ်ကွက်ရုံးရှေ့က ဦးညွှန့်ဝင်း လက်ဘက်ရည်ဆိုင်ရှေ့မှာ ဖြစ်တာ ၊ မီးထွန်းပွဲ လူအုပ်ကြားထဲ ပစ်ခံရတာပါ ၊ အစ ကတော့ ဗြောက်ဖောက်တာလို့ ထင်နေတာ ၊ ဗိုလ်စော လဲကျသွားမှ သေနတ်ပစ်တာလို့ သိရတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဝမ်းတွင်းမြို့မရဲစခန်းက ရဲအုပ် စောနိုင်ဦး ပစ်ခံရတာပါ ၊ ဝမ်းတွင်း ဒေသဘက်ကတော့ သူ့ကို ဗိုလ်စောလို့ လူသိများတယ် ၊ နယ်ထိန်းခေါင်းဆောင်ဖြစ်ပြီး ခေတ္တ စခန်းမှူး တာဝန်ယူထားတဲ့အချိန် ဖြစ်တာပါ ၊ မီးထွန်းပွဲ လုံခြုံရေး တာဝန်ယူနေရင်း ပစ်ခံရတာဖြစ်တယ် ၊ ၆ ချက် ပစ်ခံရပြီး နေရာမှာတင် ကျဆုံးသွားတာ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ စဥ့်ကိုင်မြို့နယ် ၊ အိုးထိန်းတောင်ကျေးရွာအနီး ၊ မန္တလေး-ရန်ကုန် အဝေးပြေး ကားလမ်းဟောင်း ၊ စဥ့်ကိုင် ပေါ်တော်မူဘုရားနားမှာ ပလိပ်ရဲစခန်းမှူး ပစ်ခတ်ခံရပြီး ပလိပ်စခန်းမှူး ဒုရဲမှူး ဇော်ဝင်း နဲ့ ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူတို့ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #၀မ်းတွင်း #ရဲစခန်းမှူးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW