ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းဖို့ ပါတီခေါင်းဆောင်တွေ စီစဥ်နေ

အောက်တိုဘာ ၁၁-၂၀၂၂
KK(VOM)+KT(VOM)

သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့စီစဥ်နေတယ်လို့ ပါတီဝင်အချို့ဆီက သိရပါတယ်။

၂၀၂၃ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုတော့ဘဲ ပါတီကိုဖျက်သိမ်းဖို့ အစည်းအဝေးတွေပြုလုပ်နေတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။

“ဆွေးနွေးတာတော့ရှိတယ် ဆက်ပြီးတော့ ပါတီရပ်တည်ဖို့ သင့် မသင့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ နိူင်ငံရေးဖြစ်စဥ်ပြောင်းလဲပြီး ပုဒ်မ ၁၄၄ ထုတ်တာရှိတယ်၊ ငါးဦးထက် ပိုမစုရ အမိန့်တွေရှိတယ် ဒေသန္တရအမိန့်တွေလည်းရှိတော့ စည်းရုံးရေးဆင်းဖို့မလွယ်ဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲလုပ်မယ့်နေ့ရက်ကို တိကျစွာပြောနိူင်ခြင်းမရှိသည့်အပြင် လက်ရှိနိူင်ငံရေးအခြေအနေမှာ လူထုက စားဝတ်နေရေးကိုသာ လုံးပန်းနေရပြီး နိူင်ငံရေးကို စိတ်ပါဝင်စားခြင်းမရှိသည့်အတွက် ရပ်နားရန် စီစဥ်ရတာဖြစ်တယ်လို့ ပါတီမှတာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။

“ဖျက်ဖို့ကတော့ ၉၉ ရာခိုင်နှုန်းလောက်သေချာတယ်၊ လူတွေက နိူင်ငံရေးကို စိတ်မဝင်စားတော့ဘူး စားဝတ်နေရေးကို လုံးပန်းနေရတာ ကျနော်တို့လည်း စိတ်မပါတော့ဘူး”လို့ ရှင်းပြပါတယ်။

လက်တလောမှာ ပါတီဖျက်သိမ်းရေးအတွက် ပါတီအတွင်း အစည်းအဝေးများပြုလုပ်နေပြီး တရားဝင်စာထုတ်ပြန်တာမရှိသေးဘူးလို့ ပါတီဝင်တွေဆီက သိရပါတယ်။

သူရဦးရွှေမန်းဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ ပြည်ခိုင်ဖြိုးပါတီမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

UBP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၉၂၄ ယောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရရှိခဲ့ပါဘူး။

လတ်တလော ပါတီဥက္ကဋ္ဌ ဦးသူရရွှေမန်းကတော့ ဘာလှုပ်ရှားမှုမှမတွေ့ရတာကြောင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းဝိုင်းကြား မှတ်ချက်ပြုကြပေမယ့် VOM က သီးခြားအတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #UBPပါတီ #ဖျက်သိမ်းဖို့စီစဥ်

Related posts

Leave a Comment

VOM News

FREE
VIEW