အသက် ၉၇ နှစ်အရွယ် မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာ ရွေးကောက်ပွဲ၀င်မယ်လို့ ကြေညာ

ကွာလာလမ်ပူ၊ အောက်တိုဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

အသက် ၉၇ နှစ်ရှိနေပေမယ့်လည်း ကမ္ဘာ့ဝါရင့်နိုင်ငံရေးသမားတွေထဲက တဦးဖြစ်သူ မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ မလေးရှားအထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

၀န်ကြီးချုပ်ဟောင်း မဟာသီယာဟာ အတိုက်အခံမဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် မြောက်ပိုင်းမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မဟာမိတ်အဖွဲ့အနိုင်ရရှိပါက ၎င်း၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခြင်းမပြုမပြုကိုတော့ သူကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ရွေးကောက်ပွဲမှာအနိုင်ရရှိမှာသာ ၀န်ကြီးချုပ်ဖြစ်ခွင့်ရှိတာကြောင့် ဘယ်သူ ၀န်ကြီးချုပ်ဖြစ်လာမယ်ဆိုတာကို အဖွဲ့အနေနဲ့ ဆုံးဖြတ်ထားခြင်းမရှိကြောင်း မဟာသီယာက ပြောပါတယ်။

မဟာသီယာဟာ ၁၉၈၁ ခုနှစ်ကစပြီး မလးရှား၀န်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာတာ၀န်ထမ်းဆောင်ခဲ့ကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့ပါတယ်။

အငြိမ်းစားယူပြီးနောက် ၂၀၁၈ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပေမယ့် နှစ်နှစ်အကြာမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

ယခုနှစ်ဇန်နဝါရီလမှာ နှလုံးခွဲစိတ်မှုခံယူခဲ့ပေမယ့် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ လက်ရှိ၀န်ကြီးချုပ် အစ္စမေးလ်ဆာဘရီဟာ ပါလီမန်ကို ဖျက်သိမ်းပြီး နို၀င်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပါတယ်။

လက်ရှိအာဏာရ ညီညွတ်သောမလေးအမျိုးသားအဖွဲ့ဟာ ရွေးကောက်ပွဲမှာအားသာချက်တွေရှိနေပြီး အတိုက်အခံမဟာမိတ်အဖွဲ့ကတော့ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှု ပိုမိုရရှိဖို့ ရုန်းကန်ရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW