နိုင်ငံတော် အရန်ဆန်ရောင်းပေးထားတဲ့ ကုန်သည်တွေကိုသာ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ခွင့်ပေး

အောက်တိုဘာ ၁၃- ၂၀၂၂
SN (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရမယ့် ဆန်တန်ချိန် ၂ သိန်းကို နိုင်ငံတော်အရန်ဆန် ရောင်းထားတဲ့ ကုမ္ပဏီတွေသာ ခွဲတမ်းရရှိတာဖြစ်ပြီး အရန်ဆန်ရောင်းချထားခြင်းမရှိတဲ့ ကုန်သည်တွေကတော့ တင်ပို့ခွင့်မရှိဘူးလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

နိုင်ငံတော်အရန်ဆန်ကို လအလိုက် သွင်းပေးရတာဖြစ်ပြီး အရန်ဆန်ပေးသွင်းရာမှာ ပြင်ပပေါက်စျေးထက် ၃ ထောင်နီးပါး ကွာဟတာကြောင့် ကုန်သည်တွေအတွက် အရှုံးရှိပေမယ့်လည်း အရန်ဆန်ရောင်းချပေးတဲ့ ပမာဏအပေါ်မူတည်ပြီး ပြည်ပနိုင်ငံ‌တွေကိုတင်ပို့မယ့် ဆန်ခွဲတမ်းကို ပြန်လည်ချပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၂ သိန်းတင်ပို့တာ ဆန်စပါးအသင်းကခွဲတမ်းချပေးတာ။ နိုင်ငံတော်အရန်ဆန်ကို အရှုံးခံရောင်းချပေးထားတဲ့ ကုမ္ပဏီတွေပဲ တင်ပို့ခွင့်ရတာ။ အရန်ဆန်ပေးသွင်းတဲ့ အနည်းအများအပေါ်ကြည့်ပြီး​ ခွဲဝေပေးတာ”လို့ အမည်မဖော်လိုသူ ဆန်ကုန်သည်တဦးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတော်အရန်ဆန် တစ်အိတ်ကို ကျပ် ၁သောင်းနှုန်းနဲ့ ရောင်းချပေးထားတဲ့ ကုမ္ပဏီတွေကို ပို့ကုန်တင်ပို့မှုအတွက် တန်ချိန်တစ်ထောင်နှုန်း သတ်မှတ်ပေးထားပြီး ပေးသွင်းမှု အနည်းအများပေါ် မူတည်ကာ တင်ပို့ခွင့်ရရှိမှု မတူညီဘူးလို့ သိရပါတယ်။

“အရန်ဆန်ရောင်းပေးရင် ကုန်သည်တွေကရှုံးတယ်။ သူတို့ ပြင်ပပေါက်စျေးထက်လျော့ပြီး ရောင်းပေးရတဲ့အတွက် အရန်ဆန်သွင်းမှ ပြည်ပတင်ပို့ခွင့်ရမှာဖြစ်တဲ့အတွက် ရောင်းပေးကြတာ။ မရောင်းပေးရင် တချို့ကုန်သည်တွေက ခွဲတမ်းမရတာတွေရှိတယ်” လို့ နောက်ထပ် ကုန်သည်တဦးက ပြောပါတယ်။

အခု ဆန်တင်ပို့မှုဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်စီစဉ်မှုနဲ့ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီစဉ်တင်ပို့တာဖြစ်ပြီး တန်ချိန် ၂ သိန်းခွဲအထိ တင်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေနဲ့ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သန်းခန့်အထိ တင်ပို့နိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မြန်မာ့ဆန်ကို ဥရောပ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီနိုင်ငံအချို့ကို ရောင်းချနေတာဖြစ်ပြီး တန်းမြင့်ဆန်ဖြစ်တဲ့ ပေါင်းဆန်ကိုတော့ ဥရောပဈေးကွက်ကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။

အဲ့ဒီ့လိုတင်ပို့ရာမှာ နိုင်ငံခြားငွေလဲနှုန်းနဲ့ပတ်သက်လို့ အခြေခံကျတဲ့ ဆန်တင်ပို့မှုအပိုင်းမှာ အနည်းငယ် ထိခိုက်မှုရှိတာကြောင့် သက်ဆိုင်ရာညှိနှိုင်းမှုနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း MRF က ပြောပါတယ်။

Photo -CN
#VoiceofMyanamr #VOM #ဆန်စပါးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW