တိုယိုတာ ကားထုတ်လုပ်မှု ကားဈေးကွက်ကို ရိုက်ခတ်မှု အနည်းငယ်ရှိတယ်လို့ သိရ

အောက်တိုဘာ ၁၄ – ၂၀၂၂
SN (VOM)

ရန်ကုန်သီလဝါ အထူးစီးပွားရေးဇုံက တိုယိုတာကားစက်ရုံမှာ ကားတပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပြန်လည် စတင်နေပြီး အဲ့ဒီ့လို ထုတ်လုပ်နေမှုဟာ ကားဈေကွက်အပေါ် ရိုက်ခတ်မှု အနည်းငယ်ရှိနေတယ်လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)ကနေ သိရပါတယ်။

လက်ရှိမှာ တိုယိုတာစက်ရုံကနေ စက်တင်ဘာလက မြန်မာနိုင်ငံကိုတင်ပို့ထားတဲ့ ကားအစိတ်အပိုင်းတွေနဲ့ တစ်နေ့ကို ဟိုင်းလက်စ်ကား ၁ စီးကနေ ၂ စီးအထိ တပ်ဆင်ထုတ်လုပ်နေတာဖြစ်ပါတယ်။

“ရိုက်ခတ်မှုအနည်းအကျဉ်း ရှိတယ်ဆိုတာက သူက လျှော့ရောင်းမှာမဟုတ်ဘူးလေ။ အရင်တုန်းက SKD ပေးတဲ့အချိန်က ဒေါ်လာနဲ့တွက်ပြီး ဝယ်ရတဲ့အတိုင်းအတာက အဲ့တုန်းက တစ်ဒေါ်လာ ၁၅၀၀ ပဲရှိတယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ။ ၂ ဆပဲလေ။ ဈေးကကျမှာတော့မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့သူက အသစ်ပဲစစီးမယ်ဆိုရင်တော့ ဒီလိုအသစ်မျိုး၊ ဒီကားမျိုးပဲ ဝယ်စီးကြမှာပေါ့။ အပြင်မှာလည်း အသစ်နီးပါးလောက် ကားတွေရှိပါတယ်။ ဒါပေမယ့် အပေါ်ကားဈေးကွက်က အေးလာပြီဆို အောက်ကားဈေးက ထပ်ကျ၊ သူ့အောက်ကကားတစ်ခါ ဈေးထပ်ကျ၊ ဒီလိုနဲ့ အဆင့်ဆင့် ကျသွားတာမျိုးပေါ့။ ကားတွေအကုန်လုံးမှာ ရိုက်ခတ်မှုရှိတာပဲ” လို့မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

အဲ့ဒီ့လို ထုတ်ရောင်းချနေတာကြောင့် အဆမတန်မြင့်တက်ခဲ့တဲ့ ကားဈေးနှုန်းတွေဟာ လက်ရှိမှာ ဈေးတန်းတစ်ခုမှာ ရပ်တန့်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

“အခု ကားဈေးကွက်ကတော့ အဝယ်သိပ်မလိုက်ဘူး။ ကားဝယ်ရောင်းသမားတွေရဲ့ လက်ထဲမှာ တော်တော်များများ ကားတွေက ပိုက်မိနေကြတယ်။ မြန်မာနိုင်ငံကလူတွေရဲ့သဘောက ကျပြီဆိုရင် သူတို့က မဝယ်ချင်ကြတော့ဘူး။ အခုက ကားဈေးက ကျတော့ကျနေတယ်။ ၅ ပုံ ပုံရင် ၂ ပုံလောက်တော့ ကျနေတယ်”လို့ သူက ပြောပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ တန်ဖိုးမြင့်ကားဈေးနှုန်းတွေ ကျဆင်းလျက်ရှိပြီး ကျပ်သိန်း ၅၀၀ တန် ကားဈေးက ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ၊ ကျပ်သိန်း ၁၀၀၀ တန်ကားဈေးက ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။

တန်ဖိုးမြင့် ကျပ်သိန်း ၁၀၀၀ တန်ကားကို ဝယ်မယ်ဆိုရင် ကျပ်သိန်း ၇၀၀ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေပြီး ကျပ်သိန်း ၅၀၀ အောက် တပတ်ရစ်ဂျပန်ကားတွေရဲ့ ဈေးနှုန်းကတော့ သိန်းဆယ်ဂဏန်းခန့်သာ ဈေးနှုန်း ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။

ပြည်ပက မော်တော်ယာဉ် အစိတ်အပိုင်းတွေကို တင်သွင်းပြီး ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်နေတဲ့ မော်တော်ကား ကုမ္ပဏီအများစုဟာ အမေရိကန်ဒေါ်လာဈေးနှုန်း ကွာဟချက်တွေနဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတင်သွင်းဖို့ အစိုးရက ချမှတ်ထားတဲ့ တင်သွင်းခွင့် မူဝါဒတွေကြောင့် ဆက်လက် ထုတ်လုပ်နိုင်ဖို့ ခက်ခဲနေပြီး လက်ရှိမှာ ရပ်နားထားကြရတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တိုယိုတာကုမ္ပဏီက အခုလို လုပ်ငန်းပြန်လည် စတင်လိုက်ခြင်းဖြစ်ပြီး မူလရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်တာဖြစ်တဲ့အပြင် ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့ အဲ့ဒီ့ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“ကျွန်တော်တို့သဘောက ဖြစ်စေချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လူရွယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ သူများနိုင်ငံတွေမှာ အလုပ်သွားလုပ်နေရတယ်။ ဒီနိုင်ငံမှာက အလုပ်အကိုင် ရှားပါးနေတယ်။ ဒါ့ကြောင့် တကယ်တမ်းဖြစ်သင့်တာက ဒီနိုင်ငံမှာပဲ အစအဆုံးထုတ်၊ CKD စနစ်နဲ့ပဲ သွားစေချင်တာ။ အခုက သူတို့က အစပျိုးတယ်သာပြောနေတာ ၄၊ ၅ နှစ်ရှိပြီ၊ မထုတ်လုပ်နိုင်သေးဘူး” လို့ ဦးအောင်သန်းဝင်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်လာလိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ယာယီပိတ်ထားတဲ့ ပြည်ပက ကားတင်သွင်းခွင့် ပါမစ်တွေမှာလည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြည်တွင်း ကားဈေးကွက်ဟာ ဒေါ်လာဈေး အတက်အကျပေါ်တွင်သာ အပြောင်းအလဲဖြစ်နေပြီး SKD ထုတ်လုပ် ခြင်းနဲ့ ပြည်ပက ကားတင်သွင်းခွင့် ပါမစ်တွေ ပြန်လည်ရရှိမှသာ ကားဈေးနှုန်းတွေ လှုပ်ခတ်ပြီး အရောင်းအဝယ်တွေ ပြန်သွက်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Photo-Nikkei Asian
#voiceofmyanmar #VOM #ကားစျေးကွက် #တိုယိုတာကားထုတ်လုပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW