ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ကားကို Express ကားက ဝင်တိုက်ရာကနေ ၂ယောက်သေ၊ ၅ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၄-၂၀၂၂
GG (VOM)

ရန်ကုန် မန္တလေးအမြန်လမ်းမှာ ဒီနေ့အောက်တိုဘာလ ၁၄ ရက် မနက်အစောပိုင်းက ရပ်ထားတဲ့ Express ကားကို ခရီးသည်တင် Express ကားကဝင်တိုက်လို့ ၂ ယောက်သေပြီး ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းကြီး၊မိုင်တိုင်အမှတ် ၂၃၀ / ၀ နဲ့ ၂၃၀ / ၁ အကြားမှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခဲ့တဲ့ Express ကားက ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။

” ကုန်တွေတင်ထားတဲ့ကားက စက်ချို့ယွင်းလို့ ရပ်ထားတာကို ခရီးသည်တင်express ကားက ဝင်တိုက်တာ၊ ကုန်တင်ထားတဲ့ကားကလည်း express ကားပဲ ။ ၂ ယောက်သေတယ် ။ ၅ ယောက်ဒဏ်ရာရလို့ ဆေးရုံပို့ထားပါတယ်”လို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ အမြန်လမ်း ပန်းတင်မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Express ကားပေါ်မှာ ယောကျ်ားလေး ၁၇ ယောက်နဲ့ မိန်းကလေး ၄ ယောက် စုစုပေါင်း ၂၁ ယောက်လိုက်ပါလာပြီး အဲ့ဒီအထဲကမှ ယောကျ်ားလေး ၂ယောက်သေဆုံးပြီး ၊ နောက်ထပ်ယောကျ်ားလေး၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ဒဏ်ရာရသူတွေကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ ပို့ထားတယ်လို့သိရပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၄၀/၆-၇)ဖာလုံကြားမှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ ခရီးသည်တင်Expressကားတစီး ယာဥ်မတော်တဆမှုဖြစ်ပြီး ယာဥ်ပေါ်ပါ ယောကျ်ားလေး၊ မိန်းကလေး ပေါင်း ၄၁ ဦးအနက် ၂ယောက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မန္တလေးအမြန်လမ်းမတလျှောက်မှာ ၂၀၂၂ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇လတာအတွင်း ယာဥ်တိုက်မှုပေါင်း ၁၀၀ နီးပါး၊သေဆုံးသူ ၃၈ဦးနဲ့ ဒဏ်ရာရသူ ၁၇၀နီးပါးရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ယာဥ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW