ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့ ရုရှားကို နေတိုးအဖွဲ့ သတိပေး

ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံတ၀န်းရှိမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့နဲ့ နေတိုးအဖွဲ့အကြီးအကဲ စတိုတန်ဘာ့ဂ်က ရုရှားကို သတိပေးလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားကနျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ပဋိပက္ခတွေပြင်းထန်လာမှာဖြစ်ပြီး အလွန်အရေးကြီးတဲ့မျဉ်းကို ဖြတ်ကျော်လိုက်တာဖြစ်ကြောင်း နေတိုးအကြီးအကဲကပြောပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ရုရှားတွေသိကြောင်း ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ နေတိုးကာကွယ်ရေး ၀န်ကြီးများအစည်းအဝေးအပြီးမှာ စတိုတန်ဘာ့ဂ်က သတင်းထောက်တွေကိုပြောပါတယ်။

နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှအောင်နိုင်မှာမဟုတ်တဲ့အတွက် မတိုက်သင့်ကြောင်း ၊ နေတိုးတပ်မှူးတွေအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုဖို့ အခြေအနေမရှိကြောင်း သူကပြောပါတယ်။

ဒါပေမယ့် နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်လေယာဉ်တွေပါ၀င်တဲ့ စစ်ရေးလေ့ကျင့်မှုကို လာမယ့်သီတင်းပတ်မှာ နေတိုးကပြုလုပ်ဖို့ရှိနေပါတယ်။ ရုရှားနျူကလီးယားတပ်ဖွဲ့ကလည်း သူ့တို့ရဲ့နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုကို ယခုလထဲမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။

Ref: NHK
Photo:NHK
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW