ဧရာဝတီတိုင်းမှာ အထည်ချုပ်လုပ်သား ၁၀၀၀ နီးပါး အလုပ်ပြန်မရသေးလို့ မှီခိုနေရတဲ့ မိသားစုတွေ အခက်ကြုံလာ

အောက်တိုဘာ၊ ၁၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့နိုင်ငံရေး အခြေအနေတွေကြောင့် အထည်ချုပ် လုပ်သား ၁၀၀၀ နီးပါး ဒီနေ့အထိ အလုပ်ပြန်မရဘဲ အလုပ်လက်မဲ့ဖြစ်နေရပြီး သူတို့ကို မှီခိုနေတဲ့ မိသားစုတွေဟာ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ အလုပ်သမား အရေးဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

အထည်ချုပ် အလုပ်သမားတွေကို မှီခိုနေရတဲ့ သက်ကြီး အဖိုး ၊အဖွားတွေ ၊ လူဦးရေများတဲ့ မိသားစုတွေ ၊ လစဉ် လတိုင်း ကျန်းမာရေးအတွက် ဆေးခန်းပြနေရတဲ့ မိသားစုတွေဟာ သူတို့ အားကိုးနေရတဲ့ သူတွေက အလုပ်လက်မဲ့ဖြစ်နေရလို့ အရင်လို ပုံမှန်ဆေးခန်းမပြနိုင်တော့တာ ၊ ထမင်းကို မနက်နဲ့ည တစ်နပ်ထဲပေါင်းစားရတာတွေရှိလာတယ်လို့ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လုပ်သားတွေရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ် ။

ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်း အထိ ၉ လအတွင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် အထည်ချုပ်အလုပ် သမားဦးရေ ၁၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်ရှာဖွေရေးကို အတတ်နိုင်ဆုံး ရှာဖွေလုပ်ဆောင်ပေးနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

”အတတ်နိုင်ဆုံးတော့ အလုပ်ရှာဖွေပေးနေတယ် ၊ ပြန်ဖွင့်တဲ့စက်ရုံတွေမှာ မူလအလုပ်ပြန်ရဖို့ ခက်ခဲသွားတယ် ၊ဘာ့ကြောင့်လည်းဆိုတော့ အလုပ်လက်မဲ့နှုန်းက များနေလို့လေ ၊ ပြန်မဖွင့်နိုင်သေးတဲ့ စက်ရုံတွေကလည်း အများကြီးရှိနေသေးတယ် ၊ ကျွန်တော်တို့ စာရင်းအရဆို အလုပ် ပြန်မရသေးတဲ့ အထည်ချုပ်လုပ်သားက အနည်းဆုံး ၁၀၀၀ နီးပါးလောက်အထိ ရှိနေတယ် ၊ အလုပ်ပြန်ရဖို့ ဆက်သွယ် အကူအညီတောင်းခံတာတွေကလည်း နေ့တိုင်းနီးပါး ရှိနေတယ် ၊ အလုပ်ကလည်း ဟိုဘက် ဒီဘက် သေချာ ကြည့်လုပ်နေတယ် ၊ ကြည့်မလုပ်ရင် အချောင်သက်သက် အသက်ဆုံးရှုံးရမယ့်အချိန်
” လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

အဲ့ဒီ အထည်ချုပ် အလုပ်သမား ၁၀၀၀ နီးပါးဟာ အလုပ် စက်ရုံပိတ်သွားတာ ၊ လုပ်သားလျှော့ချတာ ၊ စက်ရုံပြန်ဖွင့်ပေမယ့် မူလနေရာပြန်မရတာ ၊ အထည်ချုပ်ပွဲစားဆိုသူတွေက လက်သင့်ရာလူကို အစားထိုးလိုက်တာ စတဲ့အခြေအနေတွေကြောင့် အလုပ်လက်မဲ့ဖြစ်နေရပြီး ရတဲ့အလုပ်ကို လုပ်ကိုင်စားသောက်နေရပေမယ့် အလုပ်မရှိတဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခအတော်ရောက်လာတယ်လို့လည်း သိရပါတယ်။

”အလုပ်ရှိတုန်းက စုဆောင်းထားတဲ့ဟာလေးတွေနဲ့ ပေါင်နှံစားရင်း ဖြေရှင်းလာတာပါ ၊ ကြာရှည်တောင့် မခံနိုင်တော့ဘူးဖြစ်လာတယ် ၊ အခုဆို ဘယ်အလုပ်ကမှလည်း ဧရာဝတီတိုင်းမှာ ကောင်းကောင်း အဆင်မပြေဘူး ၊ အလုပ်မရှိတဲ့ ရက်များလာတော့ အတော်ဒုက္ခ ရောက်လာတယ် ၊ ဒီလိုသာဆိုရင် အငတ်ဘေးဆိုက်တော့မယ် ၊ ကျွန်မတို့စက်ရုံက ပြန်ဖွင့်ထားတယ် သွားလျှောက်တော့ အလုပ်သမား မလိုတော့ဘူးတဲ့ ၊ ဒီခေတ်မှာ ဈေးတွေကလည်း အဆမတန်တက်နေတာ အားလုံးအသိပဲ ၊ တယောက် အလုပ် လုပ်၊ တယောက်ပဲထိုင်စားတာတောင် အဆင်မပြေဘူး ၊ မိသားစုများတဲ့ကျွန်မတို့လိုသူတွေဆို အခက်အခဲက သူများတွေထက် ပိုဆိုးနေ တယ်။”လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပုသိမ် ၊ ကန်ကြီးထောင့် ၊ သာပေါင်း ၊ မအူပင် စတဲ့မြို့နယ်တွေမှာ အထည်ချုပ်စက်ရုံတွေရှိပြီး အဲ့ဒီအထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်နေရတဲ့အထဲမှာ ပါနေသလို ရန်ကုန်ကနေ အလုပ်ပြုတ်လာတဲ့ အထည်ချုပ်လုပ်သားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #အထည်ချုပ်လုပ်သား #အလုပ်လက်မဲ့

Related posts

Leave a Comment

VOM News

FREE
VIEW