ရခိုင်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ ပြတ်လပ်နေ

အောက်တိုဘာ ၁၅- ၂၀၂၂
SW (VOM)

ရခိုင်ပြည်နယ်အတွင်း ရာနဲ့ချီတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ မရရှိကြတာ ၃ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်းနဲ့ စစ်ဘေးရှောင်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မရောက်တာလည်း လနဲ့ချီကြာမြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်းမှာဆိုရင် စားနပ်ရိက္ခာအကူအညီတွေမရတာကြောင့် စားဝတ်နေရေးကျပ်တည်းနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ အရမ်းခက်ခဲနေပါတယ်။ အခွင့်အရေးရှိမယ်ဆိုရင် ဒီနေရာကို လာရောက်ကူညီပေးစေချင်ပါတယ်။ ICRC က အကူအညီတွေမရတာ ၃ လလောက်ရှိပါပြီ။ လူကယ်ပြန်ဌာနက မရတာတော့ ၅ လလောက်ရှိပြီ၊ အဲဒီလို စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် ချေးငှားစားသောက်ရတာတွေလည်း ရှိနေတယ်၊ မိသားစု တစ်စုက သမီးလေးတစ်ယောက်မှာ နားကပ်လေးရှိတယ်ဆိုရင် အဲဒါပေါင်နှံပြီး ဆန် ၁တောင်းရတယ်။ ပြီးရင် ရွာထဲမှာ အလုပ်တွေရှိတယ်ဆိုရင် နေ့စားခိုင်းရင် လုပ်ရတယ်။ မခိုင်းရင်မလုပ်ရဘူး။ ပြီးရင် တောတောင်တွေကိုလည်း မသွားရတော့ ဘာအလုပ်မှမရှိသလို စားစရာလည်း မရှိဘူး။ငတ်ပြတ်နေကြတယ်” လို့ သူကပြောပါတယ်။

မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ဆိုရင် နိုင်ငံတကာအကူအညီတွေမရတာ ၁ လ လောက် ရှိလာပြီဖြစ်ကြောင်းနဲ့ အစိုးရဆီက အကူအညီတွေမရတာလည်း ၅ လ လောက်ရှိလာပြီလို့ သိရပါတယ်။

မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာက စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မြ က“ ဒီမှာ အဓိကလိုအပ်တာက စားနပ်ရိက္ခာပါ။မိုးလည်း ကုန်သွားပြီဆိုတော့ အမိုးအကာတွေလိုအပ်နေတယ်။ ပြီးတော့ အသစ်ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေမှာ နေထိုင်ဖို့ အဆောင်တွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

စားနပ်ရိက္ခာတွေ ပြတ်လပ်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ အစာအဟာရ ချို့တဲ့မှုနဲ့ရင်ဆိုင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပီပင်ရင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တဦးက “ စားနပ်ရိက္ခာ ကူညီပေးမယ့်သူတွေရှိပေမယ့် သွားလာဖို့ လမ်းတွေမရှင်းလင်းတော့ အလှူရှင်တွေက မလာရဲကြဘူး။ အခု ဘာအဖွဲ့အစည်းကမှ အကူအညီတစ်ခုမှလည်း မရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း မြို့ကို မသွားနိုင်တဲ့သူတွေမှာ ဒီတိုင်းပဲ ရွာမှာ ကုရတယ်” လို့ ပြောပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး စစ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

ကာလအတော်ကြာ စစ်ရေးပဋိပက္ခတွေရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက စပြီး တပ်နဲ့ အေအေကြား စစ်ရေးတင်းမာမှုတွေတိုးလာသလို ထိတွေ့တိုက်ပွဲတွေနဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကြောင့် ဒေသခံတွေလည်း ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာပြီး ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း ထိတွေ့တိုက်ပွဲတွေကြောင့် မညှင်းတောင်၊ ရွက်ခုန်တိုင်၊ ကုန်တန်း၊ ငစံဘော် စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာကြပြီး စစ်ဘေးရှောင်စခန်းတွေမှာခိုလုံနေရတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်အတွင်း စစ်တွေ- ရန်ကုန်ကားလမ်းတလျှောက် စစ်ရေးတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နှစ်ဖက်တိုက်ပွဲတချို့ရှိခဲ့ပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်တဲ့အပြင် ထပ်တိုးတာတွေ ရှိလာတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေ ပိုမိုကြီးထွားလာပေမယ့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရရှိတာ ကြောင့်လည်း စစ်ဘေးရှောင်တွေရဲ့ဘဝရပ်တည်ရေး ပိုမိုခက်ခဲလာတယ်လို့ ပြောကြပါတယ်။

စစ်ဘေးရှောင်တွေမှာ အစာငတ်မခံနိုင်တာကြောင့် ပစ္စည်းဥစ္စာတွေကို ပေါင်နှံရောင်းချပြီး စားသောက်ကြရတဲ့အပြင် ကြွေးမြီတွေလည်း ရှိနေကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်အထိရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာအဓိကလိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်
#voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင် #စားနပ်ရိက္ခာလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW