ဒေးဒရဲမှာ ရုတ်တရက်လေပြင်းတိုက်လို့ သစ်ပင်လဲကျတာကြောင့် ၉ လအရွယ် ကလေး ၁ဦးအပါအဝင်လူ ၃ ဦး သေဆုံး

အောက်တိုဘာ ၊ ၁၆ -၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်က ဘုရားချောင်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်က ရုတ်တရက် မိုးရွာလေပြင်း တိုက်ခတ်တာကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျလို့ အိမ်ထဲမှာရှိတဲ့ ၉ လအရွယ် ကလေး ၁ ယောက် အပါအဝင် မိခင်နဲ့ ကလေး ၂ ယောက်သေဆုံးသွား တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တွေဆီကနေ သိရပါတယ်။

မိနစ် ၅၀ နီးပါး ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးအိမ်ပေါ်ကို အိမ်ဘေးမှာရှိတဲ့ သစ်ပင်လဲကျလို့ အိမ်ထဲမှာ အိပ်နေတဲ့ အမေဖြစ်သူဒေါ်တင်ဇာမော်နဲ့ အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် ၊ အသက် ၉ လအရွယ် ကလေး ၁ ပေါင်း ၃ ယောက် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

”အိမ်နေတဲ့အချိန် မိုးတွေအရမ်းရွာပြီး လေတိုက်လို့ အိမ်ဘေးသစ်ပင်လဲကျတာတော့ အသက်ဆုံးရှုံးခဲ့ရတာ ၊ အိမ်မှာက ၅ ယောက်ရှိတာ ကျန်တဲ့ ၂ ယောက်က အိမ်မှာ မရှိတော့ဘာမှမဖြစ်ဖူး ၊ မိခင်အပါအဝင် ၃ ယောက် သေဆုံးခဲ့ရတာ ၊ ဒေးဒရဲဘက်မှာ မနေ့က တိုက်တဲ့လေက တော်တော်ပြင်းတယ် ၊ အိမ်တွေပြိုကျတာ ၊ ဓာတ်တိုင်တွေ လဲကျကုန်တာလည်းဖြစ်တယ် ၊ အကုန်လုံး ဝိုင်းရှင်းလင်းပေးနေတယ် ၊နားရေးဖြစ်ရတဲ့ မိသားစုကိုလည်း ကူညီပေးနေတယ်။”လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက် ၊ ၁၅ ရက် နဲ့ ၁၆ ရက် ညပိုင်း အချိန်တွေမှာ သာပေါင်း ၊ အင်္ဂပူ ၊ ဇလွန် ၊ ဖျာပုံ စတဲ့မြို့နယ်တွေမှာ ရုတ်တရက် လေပြင်းတွေ တိုက်ခတ်လို့ လူနေအိမ် ၁၂ဝကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ် ။

”လေပြင်း တိုက်လို့ အိမ်ပြိုကျတာက သာပေါင်း ဘက်မှာ နေအိမ် ၇ လုံး ဇလွန်မှာက နေအိမ် ၁၁၃ လုံး ၊ အင်္ဂပူဘက်မှာက နေအိမ် ၁ လို့သိရတယ် ၊ ဖျာပုံကနေ ဒေးဒရဲသွားတဲ့ ကားလမ်းဘက်မှာလည်း အိမ်တွေ ပြိုကျတာရှိတဲ့ ၊ သစ်ပင်တွေ လဲကျတာနဲ့ ဓာတ်တိုင်တွေ လဲကျကုန်တာရှိတယ်၊ ကူညီရှာဖွေဆောင်ရွက်နေတယ်”လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦး ကပြောပါတယ်။

ဧရာဝတီတိုင်းမှာ လေပြင်းတိုက်ခတ်တာ ၊ ရေကြီးရေလျှံတာ ၊ ကမ်းပြိုကျတာတွေဖြစ်ပွားတာရှိပေမယ့် အခုလို မိုးအကုန်ကာလမှာ မိုးသက်လေပြင်း တိုက်ခတ်တဲ့ သဘာဝဘေးဒဏ်ကြောင့် မိသားစု ၃ ယောက် အသက်ဆုံးရှုံးရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့ သိရပါတယ် ။

#voiceofmyanmar #VOM #ဒေးဒရဲ

Related posts

Leave a Comment

VOM News

FREE
VIEW