‘ဓန’ရှိလို့ ပါတီထောင်တာမဟုတ် ‘ဇ’ ရှိလို့ ပါတီထောင်တာဆိုတဲ့ ပြည်သူ့ပါတီ

အောက်တိုဘာ ၁၅-၂၀၂၂
KT(VOM)
Photo – VOM

ဓနရှိလို့ ပါတီထောင်တာမဟုတ် ဇ ရှိလို့ ပါတီထောင်တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်း နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာပြုလုပ်တဲ့ ပြည်သူ့ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး အမှာစကားပြောကြားချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတော်အုပ်ချုပ်ရေးရုံးစိုက်တဲ့နေရာမှာ ပြည်သူ့ပါတီရဲ့ရုံးခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ၊ အရင်က ပြည်ထောင်စုနယ်မြေ မြို့နယ်အသီးသီးမှာ ရုံးခန်းတွေဖွင့်လှစ်ထားပေမယ့် နိုင်ငံရေးမုန်တိုင်းပြင်းထန်တဲ့အချိန်မှာ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးအပေါ်မှာ ယုံကြည်မှုကျဆင်းလာတာကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်၊ဒါပေမယ့် ပြည်သူပါတီဟာ မုန်တိုင်းဒဏ်တွေကြားထဲမှာ ဘာကြောင့် အခုချိန်ထိ ကြံ့ကြံ့ခံရပ်တည်နေတာလဲလို့ပြောရင် သိသာထင်ရှားတဲ့အချက်ကိုပြောမယ် ပြည်သူ့ပါတီဟာ ဓနရှိလို့ရပ်တည်နေတာမဟုတ်ဘူး၊ဇ ရှိလို့ရပ်တည်နေတာဖြစ်ပါတယ်၊ နိုင်ငံရေးသမား၊နိုင်ငံရေးပါတီမှာ နိုင်ငံရေး ဇ ဆိုတာ အင်မတန်အရေးကြီးပါတယ်၊ကျွန်တော်တို့ဟာ မီးပြင်းတိုက်တာတွေခံခဲ့ရတယ်၊မုန်တိုင်းဒဏ်တွေခံရတယ်၊ခြိမ်းခြောက်မှုတွေအမျိုးမျိုးရှိခဲ့ပါတယ်၊ ရှစ်လေးလုံးနိုင်ငံရေး စလုပ်စဥ်ကနိုင်ငံရေးလုပ်ရင် မင်းဘာဖြစ်မလဲ? လွှတ်တော်ကိုယ်စားလှယ်ဖြစ်မလား၊ဝန်ကြီးဖြစ်မလား၊ဆိုတဲ့မျှော်လင့်ချက်တွေဝေလာဝေး၊ နိုင်ငံရေးလုပ်ရင်ဘယ်နားနေမှန်းမသိတဲ့ ရေကြည်အိုင်ဆိုတာ ကြားဖူးတယ်၊ ကျွန်တော်တို့ရဲ့နောင်တော့် နောင်တော်တွေ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးလုပ်တယ်၊ အချိန်မတော်အိမ်ကနေပျောက်သွားတယ်၊တချို့ရူးသွားတယ်၊တချို့သေသွားတယ်၊တချို့ဘဝပျက်သွားကြတယ်ဆိုတဲ့ဇာတ်လမ်းတွေနဲ့ကျွန်တော်တို့ နိုင်ငံရေးကိုစခဲ့တာပါ၊နိုင်ငံရေးလုပ်ရင်အနည်းဆုံး အဖမ်းခံရမယ်၊အခန့်မသင့်ရင် သေတတ်တယ်၊အဲဒါတွေကို သိပြီးမှ ကျွန်တော်တို့က နိုင်ငံရေးလုပ်လာတာပါ”လို့ ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ပါတီဦးဆောင်သူတွေနဲ့ မြို့နယ်အသီးသီး၊ဒေသအသီးသီးမှာ လုပ်ဆောင်သူတွေအားလုံးဟာများသောအားဖြင့် လူဟောင်းတွေ၊ကျဉ်တုတ်ခံဝံ့မခံဝံ့ဆိုတာအစမ်းသပ်ခံပြီးသားသူတွေဖြစ်တာမို့ ပြည်သူပါတီဟာ ဓနရှိလို့ပါတီထောင်တာမဟုတ်ဘူး၊ ဇ ရှိလို့ ပါတီထောင်တာဖြစ်တယ်လို့ ထပ်ကာတလဲလဲကျွန်တော်ပြောချင်ပါတယ်လို့ ဦးကိုကိုကြီးကပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်” ပြောသင့်ပြောထိုက်တာတွေ ကျွန်တော်ပြောပါမယ်၊နေပြည်တော်နယ်မြေ ပါတီရုံးဖွင့်ပွဲမှာ လာပြောတာဖြစ်ခြင်းကြောင့် နေပြည်တော်မှာရုံးစိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကြားအောင်လည်း ပြောမှာဖြစ်ပါတာ်၊ အခုဆိုရင် တစ်နှစ်နဲ့ရှစ်လ ၂နှစ်နီးပါး နစက တာဝန်ယူပြီးတဲ့ကာလအတောအတွင်းမှာ အရပ်သား သေကြေပျက်စီးမှု ၇၀၀၀ ကျော်သွားပြီ၊ဆန္ဒပြရင်းနဲ့ပစ်ခတ်နှိမ်နှင်းခံရလို့ သေဆုံးသူ ၂၀၀၀ ကျော်သွားပြီ၊ဖမ်းဆီးခံရပြီး သေဆုံး ၇၀၀ ကျော်လို့ သိရပါတယ်၊ပိုပြီးစိတ်ထိခိုက်စရာကောင်းတာက ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အစည်းမှာ ရဟန်း၊သံဃာတွေ သတ်ဖြတ်ခံရတာ အပါး ၆၀ နီးပါးရှိပါပြီ၊ဒလန် သူလျှိုလိုစွပ်စွဲခံရပြီး အသတ်ခံရတာ ၃၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်၊သတ်ခံပြီးရင် လက်သည် မပေါ်ဘူး၊သူ့ကြောင့်ကိုယ့်ကြောင့်နဲ့ တာဝန်ယူမယ့်သူမရှိ၊ကျွန်တော်တို့ပြည်သူတွေမှာလုံခြုံမှုကင်းမဲ့တဲ့အခြေအနေကိုခံစားနေရပါတယ်၊ဒီအနိဋ္ဌာရုံကြီးဘယ်လောက်ကြာမှာလဲ၊ဘယ်တော့ပြီးမှာလဲ၊ ဘယ်လိုနည်းလမ်းနဲ့အဆုံးသတ်မှာလဲဆိုတာကို တာဝန်ရှိတဲ့သူတွေအားလုံးကို ပြတ်ပြတ်သားသားပဲ ကျွန်တော်တို့မေးရပါတော့မယ်၊အင်အားသုံးဖြေရှင်းတယ်ဆိုတာ ကျွန်တော်တို့မမွေးခင်မျိုးဆက်ကစပြီးဖိနှိပ်တယ်၊တော်လှန်တယ်ဆိုတဲ့ ဆိုးသွမ်းသံသရာကြီးလည်နေတာ တစ်ခါမှတိုင်းပြည်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ဖွံ့ဖြိုးတိုးတက်တဲ့လမ်းကြောင်းပေါ် မရောက်ခဲ့ပါဘူး၊ နိုင်ငံတကာ စာရင်းဇယားတွေအရမြန်မာနိုင်ငံသားတွေ နိုင်ငံအသီးသီးရောက်နေတာ ၈ သန်းနီးပါးလောက်ရှိကြောင့်လို့ သိရပါတယ်၊အစိုးရကိန်းဂဏန်းတွေအရ မြန်မာ့လူဦးရေ ၄သန်းခွဲလောက်ရှိတယ်ပြောပါတယ်၊ နိုင်ငံရဲ့တကယ့်လူသားအရင်းအမြစ်တွေ ဘာကြောင့်အပြင်ရောက်ကုန်တာလဲ၊အခုဖြစ်စဥ်ကာလ နေအိမ်စွန့်ခွာသူဒုက္ခသည် တစ်သန်းခွဲလောက်ရှိတယ်၊နေအိမ် မီးရှို့ဖျက်ဆီးခံရတာ ၃၆၀၀၀ လောက်ရှိတယ်၊အဲ့ဒီလိုအခြေအနေမှာ ဒီပြဿနာတွေအားလုံးရဲ့အရင်းအမြစ်ဟာ နိုင်ငံရေးပြဿနာဖြစ်တယ်ဆိုတာကို ဒီနေ့ဒီအချိန်မှာတော့ ဘက်အသီးသီးက ခေါင်းဆောင်တွေ လေးလေးနက်နက်လက်ခံဖို့လိုပြီလို့” ဦးကိုကိုကြီးကပြောခဲ့ပါတယ်။

ဒါ့အပြင်”နိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့နေရာမှာ နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲနဲ့ နိုင်ငံနေးနည်းလမ်းကိုအားမကိုးဘဲနဲ့ လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ အကြမ်းဖက်တဲ့နည်းလမ်း၊ဖိနှိပ်ခြေမှုန်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းလာတာဟာ ကျွန်တော်တို့မျိုးဆက်တဆက်မကတော့ပါဘူး၊ ဒီအချိန်တာဝန်အရှိဆုံးကတော့တဲ့ပဲပြောပါမယ် နိုင်ငံတော်အာဏာကို ရယူထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစက မှာတာဝန်အရှိဆုံးပါ၊ ဆိုတော့ နစက က ပြည်သူတွေကြားထဲမှာ နိုင်ငံရေးနည်းလမ်းဟာ နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ မျှော်လင့်ချက်ကောင်းကောင်းရှိတယ်ဆိုတာကို မပြသနိုင်မခြင်း အကြမ်းဖက်မှုတွေ၊လက်နက်ကိုင်မှုတွေကဆက်ပြီးကြီးထွားနေမှာဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ နစက တာဝန်ရှိသူတွေအနေနဲ့ သာမန်ရိုးရိုးပြောစဥ်လို ရွေးကောက်ပွဲလုပ်ပေးမယ်၊အာဏာလွှဲပေးမယ်ဆိုတာက တလျှောက်လုံးဒီအတိုင်းပြောခဲ့ပြီးဖြစ်ပါတယ်၊သို့သော် ဒီကာလဟာအရင့်အရင်ကာလတွေနဲ့မတူတဲ့ ထူးခြားတဲ့ကာလဖြစ်နေတဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းကနေပြီးပြည်သူတစ်ဦးချင်း၊တစ်ဦးချင်းအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခု၊တည်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုအထူးသဖြင့်တ်ုင်းရင်းသားတန်းတူညီမျှရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အလားအလာကောင်းတွေ၊မျှော်လင့်ချက်ကောင်းကောင်းတွေ၊ဖန်တီးပေးဖို့၊ပြသပေးဖို့ နစက အစိုးရမှာ အဓိကတာဝန်ရှိပါတယ်”လို့ ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲမှာ တက်ရောက်လာသူတွေကို ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောကြားခဲ့ပါတယ်။

ဒါ့အပြင်”စီးပွားအခြေအနေပိုပိုပြီး ကျပ်တည်းလာတယ်၊ဆင်းရဲလာတယ်၊နယ်တိုင်း၊နယ်တိုင်း ဒေသတိုင်းမှာ ခိုးမှု၊လုယက်မှု၊လိမ်လည်မှု၊ဓားမြမှု၊သတ်ဖြတ်မှုတွေ တရားခံမပေါ်တာတွေ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာတွေ ကျွန်တော်တို့ကြုံတွေ့နေရပါတယ်၊ရဲမတိုင်ရဲဘူး၊ရဲကလည်း သဲအိတ်ကာပြီးနေရတယ်၊တရားရုံးသွားမတိုင်ရဲဘူး၊ ပုံမှန်တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရမယ့်ပုဂ္ဂိုလ်တွေက ကိုယ့်လုံခြုံရေးကိုယ် ယူနေရတဲ့အခြေအနေမျိုးဟာ နိုင်ငံတော်ဟာ တော်တော့်ကို မကြုံစဖူးအခြေအနေမျိုးကြုံနေရပါတယ်၊ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းလမ်းပြန်ပြီးတော့အားကောင်းလာဖို့ပြည်သူတွေတစ်ဦးချင်းပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်၊နိုင်ငံရေးပတ်ဝန်းကျင် ပေါ်ပေါက်လာဖို့ဟာ ဒီနိုင်ငံအပြောင်းအလဲအတွက် အင်မတန်အရေးကြီးတယ်ဆိုတာကို နေပြည်တော်နယ်မြေမှာ လေးလေးနက်နက်ကျွန်တော်တိုက်တွန်းချင်ပါတယ်၊ အထူးသဖြင့် နိုင်ငံတော်အာဏာရယူထားတဲ့ နစက အဖွဲ့အစည်းအနေနဲ့ပြည်သူတွေအတွက် နိုင်ငံရေးမျှော်လင့်ချက် ကောင်းကောင်းဖန်တီးပေးဖို့၊ပြသပေးဖို့ အဓိကတာဝန်ရှိတယ်ဆိုတာကိုလည်း ထပ်လောင်ပြီးကျွန်တော်နိူးဆော်ချင်ပါတယ်၊ရွေးကောက်ပွဲကော်မရှင်အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ဆက်စပ်နေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံရေးပါတီများ အားကောင်းအောင် နိုင်ငံရေးသမား စစ်စစ်မှန်မှန်တွေ တကယ့်ကိုယ်ကျိုးစွန့်ပြီးတော့ နိုင်ငံချစ်စိတ်နဲ့လုပ်မယ့် နိုင်ငံရေးသမားတွေ အားကောင်းလာအောင် ပြည်သူတွေနိုင်ငံရေးအပေါ်မှာယုံကြည်လာအောင် ဝိုင်းပြီးတော့ကြိုးစားကြပါ၊နိုင်ငံရေးပါတီဆိုတာနဲ့ ချုပ်ချယ်မယ်၊ကန့်သတ်မယ်ဆိုတာမျိုးတွေလုပ်ပြီးတော့ နိုင်ငံရေးဘောင်ကျဥ်းသထက်ကျဥ်းအောင်လုပ်လာရင်…လက်နက်ဘောင်က ပိုပိုပြီးကျယ်လာပါလိမ့်မယ်၊အဲဒီတော့နိုင်ငံရေးသမားကို သတ်ရင် နိုင်ငံရေးဘောင်ကိုကျဥ်းရင် လက်နက်ကိုင်တော်လှန်ရေးကို အားပေးနေတာဖြစ်တယ်”လို့ဦးကိုကိုကြီးကပြောပါတယ်။

အဲ့ဒီပွဲမှာ နိဂုံးချုပ်အနေနဲ့ “နေပြည်တော်ပြည်ထောင်စုနယ်မြေ.နိုင်ငံတော်အုပ်ချုပ်ရေးရုံးစိုက်တဲ့နေရာမှာ ဒီရုံးခန်းဖွင့်လှစ်ခြင်းဟာ ကျွန်တော်တို့ပြည်သူ့ပါတီရဲ့သမိုင်းအတွက်ရော၊မြန်မာနိုင်ငံရေးသမိုင်းအတွက်ရော အင်မတန်အရေးပါတဲ့ အထင်ကရမှတ်တိုင်တခုဖြစ်တယ်၊ဒီလိုရုံးခန်းဖွင့်နိုင်အောင် အဓိကပံ့ပိုးကူညီကြတဲ့ ဒေသခံ လယ်ဝေး၊ပျဥ်းမနား၊တတ်ကုန်း၊ဇမ္ဗူသီရိ၊ပုဗ္ဗသီရိ၊စတဲ့ဒေသခံပြည်သူပါတီဝင်များအားလုံးတဦးချင်း၊တယောက်ချင်းကို ကျေးဇူးတင်ပါတယ်”လို့လည်း ဦးကိုကိုကြီးကပြောကြားခဲ့တာတွေ့ရပါတယ်။

#voiceofmyanmar #VOM # ဦးကိုကိုကြီး #ပြည်သူ့ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW