ဧရာဝတီတိုင်းက ငါးရံ့ခြောက်တွေကို ပြည်ပ တင်ပို့နေပေမယ့် ငါးမျိုးပွားနှုန်း လျော့နည်းလာလို့ ပုံမှန် မတင်ပို့နိုင်တော့

အောက်တိုဘာ၊ ၁၅-၂၀၂၂
မင်းမြတ်(VOM)

တစ်နှစ်ထက်တစ်နှစ် ငါးမျိုးပွားနှုန်း လျော့နည်းလာပြီး ငါးရံ့ရှားပါးလာတာကြောင့် ငါးခြောက်ထွက်ကုန်ပါလျော့နည်းလာလို့ နိုင်ငံခြား တင်ပို့နေရတဲ့ ဧရာဝတီတိုင်း ဒေသထွက် ငါးရံ့ခြောက်တွေမှာ ဈေးကွက်ရှိပေမယ့်လည်း ပုံမှန်တင်ပို့နိုင်ခြင်းမရှိဖြစ်နေ တယ်လို့ ဧရာဝတီတိုင်းက ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသထွက်ငါးရံ့ခြောက်တွေ ပြုလုပ်ဖို့ ငါးရံ့တွေကို ဘိုကလေးမြို့နယ် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ် ၊ ကျိုက်လတ်မြို့နယ် ၊ ပန်းတနော် မြို့နယ်တွေက ရေချိုအင်းအိုင်တွေမှာ အများဆုံးရရှိတာဖြစ်တယ်လို့ သိရပါတယ်။

ငါးရံ့ငါးတွေ သားပေါက်ချိန် စပါးစိုက်ခင်းတွေမှာ ပိုးသတ်ဆေးဒဏ်တွေကို ခံရခြင်း ၊ဘက်ထရီရှော့ခ်တိုက်ပြီး ငါးဖမ်းခြင်း ၊ ရေချိုအင်းများ ရှားပါးလာခြင်း စတဲ့အခြေအနေတွေကြောင့် ငါးရံ့မျိုးပွားရှင်သန်နိုင်မှု လျော့နည်းလာပြီး တစ်နှစ်ထက်တစ်နှစ် ငါးရံ့အကောင်ရေ လျော့နည်းလာတယ်လို့ သိရပါတယ် ။

“ကျွန်မတို့ မြန်မာတွေက ငါးခြောက်ဖုတ်ကို ဆီဆမ်းပြီး ထမင်းနဲ့ စားကြတယ် ၊ နိုင်ငံခြားသားတွေက အရက်တို့ ဘီယာတို့နဲ့ မြည်းကြတယ် ၊ ရန်ကုန် ကနေပြီးတော့ ကျွန်မတို့ ဧရာဝတီတိုင်းဒေသထွက် ငါးရံ့ခြောက်ကို မှာယူပြီး နိုင်ငံခြားအထိ တင်ပို့နေပါတယ် ၊ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် ကုန်ကြမ်းက လျော့လာတယ် ၊ငါးရရှိမှု နည်းလာတယ် ၊ မြန်မာနိုင်ငံမှာက ငါးရံ့မွေးမြူရေးလုပ်လို့ အဆင်မပြေသေးဘူး ၊ သဘာဝ အင်းအိုင်တွေက ရတာတွေပဲရှိတယ်၊ ငါးရံ့က တစ်ခါ မျိုးဥချရင် ဥပေါင်းသိန်းချီပါတယ် ၊သူတို့က ရေစီးထဲမှာ ဥတာမဟုတ်ဘူး လယ်ကွင်းတွေပေါ် တက်ဥတာများတယ် ၊ ဥတဲ့အချိန် နဲ့ စပါးစိုက်တဲ့အချိန်လည်း တိုက်ဆိုင်တယ် ၊ စပါးပင် ပိုးသတ်ဆေးတို့ ရှော့ခ်တိုက်ငါးဖမ်းတာတွေကြောင့် ဥတွေအားလုံးက မျိုးမအောင်ဘဲ တစ်နှစ်ထက် တစ်နှစ် ငါးကောင်ရေ လျော့လာတယ်၊ ဒါကြောင့်လည်း လိုသလောက် မပို့နိုင်တော့ဘူး။” လို့ ဧရာဝတီတိုင်းက ငါးခြောက်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီရိကပြောပါတယ်။

လက်ရှိ ဒေသငါးရံ့ငါးခြောက်ဈေးကွက်မှာ ငါးရံ့ခြောက် အကြီး ၁ပိသာကို ၄၆၀၀၀ ကျပ်၊ ငါးရံ့ ငါးခြောက် အလတ် ၁ပိသာကို ၃၅၅၀၀ ကျပ်၊ ငါးရံ့ ငါးခြောက် အသေး ၁ပိသာကို ၂၈၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပေမယ့် အထွက်နည်းနေတယ်လို့ သိရပါတယ်။

”ငါးရံ့ခြောက်ကို ကျွန်မဒေသက သူဌေးစာလို့ခေါ်တယ် ၊ ဘာကြောင့်လည်းဆိုတော့ စားလို့ကောင်းသလို ဈေးလည်း ကြီးတယ် ၊ အနည်းဆုံး ၁ပိဿာ လေးသောင်း အထက်မှာရှိတယ် ၊ ဈေးပေါပေါနဲ့ ရောင်းနေရင်လည်း ငါးရံ့ခြောက် မဟုတ်တာ သေချာတယ် ၊ ၁ပိဿာ လေးသောင်းကျော် းဆိုတော့ လက်ဆောင်ပေးတဲ့အခါ ပိုက်ဆံချမ်းသာတဲ့ သူတွေပဲ ဝယ်တာများတယ်။”လို့ မအူပင်မြို့နယ်က ငါးရံ့ခြောက်လုပ်ငန်းရှင် ဒေါ်စုလှိုင်ကပြောပါတယ်။

ငါးရံ့ခြောက်ဖြစ်လာအောက်လုပ်ရတဲ့နဲ့ ပတ်သက်
ပြီး ဘိုကလေးမြို့က ငါးရံ့ခြောက် လုပ်ငန်းရှင်တဦးက ” ငါးရံ့လုပ်ကိုင်ပုံကတော့ လာရောင်းတဲ့ ငါးရံ့တွေကို ဝယ်ယူပြီးတဲ့အခါ အလုပ်သမားတွေနဲ့ အကြေးခွံချွတ်(အကြေးထိုး)မယ်၊ ခေါင်းဖြတ်ပြီး ဗိုက်ခွဲပြီး ရေစင်အောင် လေးကြိမ်လောက် ဆေးရပါတယ်၊ ရေဆေးပြီး သင့်တော်တဲ့ ဆားပမာဏထည့်ပြီး ဆားနယ်ပါတယ်၊ တစ်ညအိပ်ထားပြီး ဆားတွေကို ရေဆေးပြီး နေလှန်းရပါတယ်၊ ဆောင်းတွင်းနေဆို ၄နေလောက် လှန်းရပါတယ်၊ နွေဆိုရင် နှစ်ရက်လောက်နဲ့ ခြောက်ပါတယ်၊ ငါးရံ့ကို ခြောက်အောင်လှန်းဖို့ပဲ လိုတယ်။ ခြောက်ရင် ယင်ကြီး မဥတော့ဘူး ၊ ဘာယမ်းစိမ်းမှလည်း သုံးစရာ မလိုဘူး၊ ပါကင်ပိတ်ပြီးထားရင် အကြာကြီး အထားခံပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အင်းအိုင်တွေကနေ ရရှိတဲ့ ငါးရံ့တွေကို ငါးရံ့ခြောက် ပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချရာမှာ ဧရာဝတီတိုင်း ဒေသထွက် ငါးရံ့ခြောက်တွေကိုတော့ လူကြိုက်ပိုများပြီး ကမ်းခြေကိုလာတဲ့ ဧည့်သည်တွေနဲ့ ဘုရားဖူး ခရီးသွားတွေက အဓိကဝယ်ယူတာရှိသလို နိုင်ငံခြားကို တင်ပို့ ရောင်းချရမှာလည်း မှာယူတာတွေရှိတယ်လို့ သိရ ပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ငါးရံ့ခြောက်လုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW