ချောင်းဦးမြို့နယ်ထဲက ငါးလုံးတင်ကျေးရွာ အိမ်ခြေ ၁ ရာကျော် မီးရှို့ခံရ

အောက်တိုဘာ ၊၁၇ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ ရေစကြို ပခုက္ကူကားလမ်းဘေးက ငါးလုံတင်ကျေးရွာဟာ အခုလ ၁၅ ရက်နဲ့ ၁၆ ရက်တွေက ၂ ရက်ဆက်တိုက် မီးရှို့ခံရတာကြောင့် ရွာထဲက အခြားအဆောက်အဦတွေ အပါအဝင် လူနေအိမ် ၁ရာကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ချောင်းဦးနယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ငါးလုံးတင်ကျေးရွာက ဂျုံရိုးဦးထုပ်တွေ အဓိကထား ထုတ်လုပ်တယ် ၊ အိမ်တိုင်းမှာလိုလို ဂျုံရိုးကုန်ကြမ်းလှောင်တဲ့ ဂျုံးရိုးတိုက်တွေရှိတယ် ၊ အဲ့ဒီလိုတိုက်တွေ အလုံး ၃၀ ကျော် ၊ လူနေအိမ် ၁၅၀ ဝန်းကျင်နဲ့ လယ်ယာလုပ်ငန်းသုံး ထွန်းစက်တွေ ၊ လှည်းတွေ ၊ ရေတင်စက်တွေ မီးလောင်ပျက်စီးကုန်တာ ” လို့ ငါးလုံတင်ကျေးရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ငါးလုံးတင်ကျေးရွာဟာ ဂျုံရိုးအခြေခံ လူသုံးကုန် လက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ရွာဖြစ်တာကြောင့် မီးစွဲလောင်စာ ဂျုံရိုးတွေ အများအပြားရှိတဲ့အတွက် မီးလောင်အားကောင်းပြီး ပျက်စီးဆုံးရှုံးမှုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အခုလ ၁၄ ရက်နေ့က ငါးလုံးတင်ကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ မှန်ချိုရွာကို စစ်ကြောင်းက စဝင်တယ် ၊ အဲ့ဒီအချိန်ထဲက စလို့ ဆင်မြေ ၊ ငါးလုံးတင် ၊ မထိသာ စတဲ့ရွာတွေဘက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဒီကနေ့အထိဖြစ်တယ် ၊ ရွာကို မပြန်နိုင်ကြသေးဘူး ” လို့ မင်းခေါင်ရွာခံ တယောက်က ပြောပါတယ်။

အခုလ ၁၀ ရက်ဝန်းကျင်ကစလို့ ချောင်းဦးမြို့နယ်ထဲက ခင်မွန် ၊ ကျီကုန်း ၊ မယ်သဲကြိုးကွင်း ၊ မှန်ချို ၊ ဆင်မြေ ၊ ငါးလုံတင် စတဲ့ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ အောက်တိုဘာကစလို့ မီးရှို့ခံရတာတွေ အများအပြားရှိပြီး ၁ နှစ်တာ ကာလအတွင်းမှာ ကျေးရွာပေါင်း ၁ ရာကျော်နဲ့ လူနေအိမ် ၂ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW