ငွေချေးသက်သေခံလက်မှတ်တွေ ဖိအားပေးဝယ်ယူခိုင်းမှာကို လုပ်ငန်းရှင်အချို့ စိုးရိမ်နေ

အောက်တိုဘာ ၁၇ – ၂၀၂၂
SN (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချမယ့် ငွေချေးသက်သေခံလက်မှတ်တွေ ဖိအားပေးဝယ်ယူခိုင်းမှာကို လုပ်ငန်းရှင်အချို့က စိုးရိမ်နေတယ်လို့ သိရပါတယ်။

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်ဥပဒေအရ ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရာမှာ ငွေချေးသက်သေခံလက်မှတ် ထုတ်ဝေခြင်းနဲ့ ငွေချေးသက်သေခံလက်မှတ်တွေ ရောင်းဝယ်ခြင်းကို ငွေကြေးမူဝါဒ နည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒါ‌ကြောင့် လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ စီးပွားရေးစနစ်အတွင်းမှာရှိတဲ့ ပိုလျှံငွေကြေးကို သွယ်ဝိုက်နှုတ်သိမ်းခြင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို အထိုက်အလျောက်ထိန်းချုပ်နိုင်ဖို့ ငွေချေးသက်သေခံလက်မှတ်တွေကို ထုတ်ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“သူတို့ဘက်က ဖိအားနဲ့ လုပ်ငန်းရှင်တွေ မဖြစ်မနေ ဝယ်ကိုဝယ်ရမယ်ဆိုပြီး လုပ်လာမှာကို စိုးရိမ်မိတယ်။ မသေချာ မရေရာတဲ့အလုပ်မျိုးကို ဘယ်သူမှ လုပ်ချင်ကြမှာမဟုတ်ဘူးလေ။ သူတို့ဘက်ကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းစုံသုံးမယ့်သဘောရှိတယ်”လို့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု ဖြစ်လာတာဟာ အစိုးရက ငွေစက္ကူတွေ အလွန်အကျွံရိုက်ထုတ်မှုကြောင့်ဖြစ်သလို ဈေးကွက်မှာ ဒေါ်လာလိုအပ်ချက်များနေပြီး သွင်းကုန်၊ ထုတ်ကုန် မျှတမှုမရှိတာကြောင့်လို့ သူက သုံးသပ်ပါတယ်။

အခုလို ဗဟိုဘဏ် ငွေချေးသက်သေခံလက်မှတ်တွေ ထုတ်ဝေခြင်းဟာ အတိုးစရိတ်အကုန်ကျခံကာ ငွေကြေးတည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်သလို အဲ့ဒီ့လိုထုတ်ရောင်းခြင်းက ရရှိတဲ့ ငွေကြေးတွေကို အစိုးရစီမံကိန်းတွေနဲ့ တိုင်းပြည်ရဲ့ GDP တိုးတက်ရေး အထောက်အကူပြုမယ့် ကဏ္ဍတွေအတွက် ဘဏ္ဍာငွေတွေ ခွဲဝေပေးသွားနိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ငွေတိုက်လက်မှတ်နဲ့ ငွေတိုက်စာချုပ်တွေကို လက်ရှိမှာ ငွေတိုက်ဦးစီးဌာနက စီမံခန့်ခွဲတာဖြစ်ပြီး ဗဟိုဘဏ်က တဆင့် ရောင်းချမှုသာရှိကာ ၃ လ၊ ၆ လ၊ ၁ နှစ် စသဖြင့် ကာလတို သက်တမ်းရှိသလို အမြင့်ဆုံး ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်တွေကိုလည်း ထုတ်ဝေလျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငွေချေးသက်သေခံလက်မှတ် #လုပ်ငန်းရှင်အချို့စိုးရိမ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW