ရွှေနဲ့ ဒေါ်လာမှာသာ ရင်းနှီးမြှုပ်နှံနေတဲ့အတွက် ပြည်တွင်း အိမ်ခြံမြေစျေးကွက် ရောင်း/ဝယ်အေးနေ

အောက်တိုဘာ ၁၉- ၂၀၂၂
SN (VOM)

နိုင်ငံရေးအခြေအနေကြောင့် ပိုင်ဆိုင်မှုခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာမှာသာ ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ပြည်တွင်း အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

ဘဏ်စနစ်အကျပ်အတည်းကြောင့် လူထုအနေနဲ့ ကျပ်ငွေကို လက်ဝယ်မကိုင်ဆောင်လိုတော့ဘဲ ပိုင်ဆိုင်မှု ပိုမိုခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာစျေးကွက်ထဲ ဝင်ရောက်စုဆောင်းနေတာကြောင့် အိမ်ခြံမြေဈေးကွက် အေးနေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုနိုင်ငံရေးက ပိုဆိုးလာနိုင်တဲ့အနေအထားမှာရှိနေတော့ တစ်စုံတခုဖြစ်လာခဲ့ရင် အိမ်တွေ​ခြံတွေကထားခဲ့ရမှာ။ ဒေါ်လာတို့ရွှေတို့က ယူသွားလို့ရတယ်။ ငွေကိုင်ထားတဲ့သူတွေက အရှုံးနည်းပြီး ပိုင်ဆိုင်မှုမပျောက်မှာမျိုး ရှာနေတဲ့အတွက် အရင်လိုခန့်မှန်းလို့မရတော့ဘူး။ မြန်မာငွေနဲ့စာရင် ခိုင်မာမှုရှိတဲ့အရာတွေပေါ် ရွေးချယ်လာကြတာပေါ့။ အဲ့ဒါ‌ကြောင့် အခုလအစကတည်းက အိမ်ခြံမြေစျေးကွက်က အေးနေတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ သိန်း ၁၀၀၀ ကနေ သိန်း ၅၀၀၀ ဝန်းကျင်ရှိ ခြံတွေ အရောင်းအဝယ် ပိုဖြစ်နေပြီး သိန်း ၁၀၀၀ အောက် တိုက်ခန်းတွေကတော့ ဝယ်လိုအား‌ နှေးနေတယ်လို့ သိရပါတယ်။

“ဈေးကွက်မှာ အိမ်ခြံမြေ၊ ကားအပေါ် ရင်းနှီးမြုပ်နှံမှု နည်းနည်းအေးသွားပြီ။ ငွေကြေးစျေးကွက်နဲ့ ရွှေအပေါ်စိတ်ဝင်စားမှုပိုများတယ်လို့ဆိုရမှာပေါ့။ ဒေါ်လာစျေးကလည်း နည်းနည်းငြိမ်သွားတယ်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေက ဘိန်းထွက်တဲ့ရာသီလေ။ အဲ့ဒီဘက်ကလည်း ငွေကြေးစီးဆင်းမှုတွေရှိနေတာ။ ဒါကိုလုပ်ငန်းရှင်တိုင်းသိကြပါတယ်။ အခုကတော့ နိုင်ငံရေးအခြေနေကိုကြည့်ပြီး ကစားနေကြတာပါ”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်လှုပ်ခတ်မှုဟာ နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး စီးပွားရေးဈေးကွက် အပြောင်းအလဲတွေကနေ ဆင့်ကဲဖြစ်ပေါ်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အိမ်၊ခြံ၊မြေ ဈေးကွက်အတွင်းကို တရားမဝင်ငွေမည်းတွေ စီးဝင်နိုင်မှုလည်းရှိနိုင်တဲ့အတွက် အဲ့ဒီ့လို ဖြစ်ပေါ်လာမှုအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #အိမ်ခြံမြေစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW