တရုတ်ကို မြန်မာ့ပြောင်းတွေ ဆက်လက်တင်ပို့သွားဖို့ ရှိပေမယ့် တောင်သူအချို့ ခက်ခဲနေဆဲ

အောက်တိုဘာ ၂၃ – ၂၀၂၂
SN (VOM)

တရုတ်နိုင်ငံကို လက်ရှိမှာ မြန်မာ့ပြောင်း တရားဝင် တင်ပို့နေပြီဖြစ်ရာ နောက်ထပ် တန်ချိန် ၁၀၀၀ ဝန်းကျင် ဆက်လက် တင်ပို့သွားဖို့ ရှိနေပေမယ့် ပြောင်းစိုက်တောင်သူအချို့ကတော့ အခက်အခဲတွေရှိနေသေးတယ်လို့ သိရပါတယ်။

“ပြောင်းဈေးက ကုန်သည်၊ လှောင်လက်တွေအတွက်ပဲ တွက်ချေကိုက်တာပါ။ တောင်သူတွေအတွက်ကတော့ သွင်းအားစုဖိုးတွေ၊ မျိုးစေ့ဖိုးတွေ၊ အလုပ်သမားငှားခတွေနဲ့ ဘာမှမကျန်သလောက်ပါပဲ” လို့ ‌နေပြည်တော်က ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

ပြောင်းစိုက်တောင်သူတွေအနေနဲ့ အခုနှစ်မှာ ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အရင်းများပြီး တွက်ချေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာ့ပြောင်းကို လက်ရှိမှာ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်း (Normal Trade)ကနေ တရုတ်ကို ပထမဆုံးအနေနဲ့ တန်ချိန် ၉၀၀ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

“စမ်းသပ်တင်ပို့တာမဟုတ်ဘူး။ တရားဝင် တင်ပို့နေတာပါ။ အခုက ပုံမှန်ကုန်သွယ်မှု (Normal Trade) ပေါ့၊ အရပ်စကားနဲ့ ပြောရမယ်ဆို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလို့ခေါ်တာပေါ့။ အဲ့ဒီလို ပင်လယ်ရေကြောင်းကနေသွားတာက တရုတ်ကို ပထမဆုံး တရားဝင် စပို့တာပါ။ အဲ့ဒါက တန်ချိန် ၉၀၀ ပို့လိုက်ပြီ။ နောင်လည်း ဆက်ပို့မှာပါ”လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။

အခုနှစ် ပြောင်းရာသီကစတင်လို့ တရုတ်နိုင်ငံကို မြန်မာ့ပြောင်း တရားဝင်တင်ပို့နိုင်ဖို့ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ရှိနေပြီး ဆက်တိုက် တင်ပို့သွားဖို့လည်း စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

“GACC ခွင့်ပြုထားတဲ့ ကုမ္ပဏီက ၁၀၀ ကျော်ရှိတယ်။ ဒီလထဲမှာ ပြောင်းကို ကုမ္ပဏီနှစ်ခုကနေ တင်ပို့မယ်လို့ ကျွန်တော်သိထားပါတယ်။ ကျန်တဲ့ဥစ္စာတွေလည်း ဆက်ပို့ကြမှာပါ။ ဆက်ပို့တဲ့အခါကျတော့ ပင်လယ်ရေကြောင်းကနေ ပို့မှာလား၊ နယ်စပ်ကနေ ပို့မှာလားဆိုတာ သက်ဆိုင်ရာ တရုတ်ဘက်က ဝယ်မယ့်သူတွေရယ်၊ ဒီဘက်ကပို့မယ့်သူတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တချို့ကျတော့လည်း တရုတ်နိုင်ငံကို ဘိန်းအစားထိုးကုန်စည်အဖြစ် ပို့တာတွေလည်း ရှိနေတယ်လေ။ အဲ့ဒါကြောင့် နယ်စပ်ကနေပို့မယ့် ကုမ္ပဏီတွေလည်း ရှိမယ်”လို့ သူက ပြောပါတယ်။

အဲ့ဒီ့လို ပြောင်းတင်ပို့ရာမှာ ဈေးနှုန်းအနေနဲ့ ပုံသေ သတ်မှတ်ထားတာမျိုးမရှိဘဲ ဝယ်သူနဲ့ ရောင်းသူရဲ့ သဘောတူညီချက်အရသာ ကုန်သွယ်သွားမှာဖြစ်ပြီး လက်ရှိပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၉၀ နဲ့ ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

“ဈေးကွက်ရဲ့ လက်ရှိပေါက်ဈေး ၂၉၀ ၊ ၃၀၀ ဆိုတာက ကုမ္ပဏီ တစ်ခုနဲ့တစ်ခုတော့ မတူဘူးပေါ့။ တချို့ကုမ္ပဏီတွေကျတော့ ဈေးကောင်းရလို့ ဒေါ်လာ ၃၀၀ ရတာရှိတယ်။ တချို့ကျ ၂၇၀ ရတာရှိတယ်။ တချို့ကျတော့လည်း ပြောင်းရဲ့အရည်အသွေးပေါ် မူတည်ပြီးတော့ ဈေးနှုန်းကွာခြားချက်လည်း ရှိပါတယ်” လို့ သူက ပြောပါတယ်။

ပြည်ပက ပြောင်းဝယ်လိုအား ကောင်းနေသလို ပြည်တွင်း ပြောင်းဈေးကွက်သည်လည်း ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပေါ်နေပြီး ဈေးနှုန်းအနေနဲ့ ၁၀၆၀ နဲ့ ၁၀၉၀ ကျပ်ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ပြောင်းရာသီ ဈေးကွက် အလားအလာမှာလည်း ပြည်တွင်းက အစာစပ်လုပ်ငန်းတွေရဲ့ ဝယ်လာအား တိုးလာနေတဲ့အတွက် လက်ရှိပေါက်ဈေးနဲ့ အများကြီး ကွာခြားမှုမရှိနိုင်ဘဲ တည်ငြိမ်နေနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းကတစ်ဆင့် တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

Photo – ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း
#voiceofmyanmar #VOM #ပြောင်း #စိုက်ပျိုးရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW