စစ်တွေမှာ ရေနစ်ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ရဲ့အလောင်းကိုရှာတွေ့ပြီး ကျန်တယောက်အလောင်းကို ရှာမတွေ့သေး

အောက်တိုဘာ ၂၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က၊ ပွိုင့်ကမ်းခြေမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ရဲ့အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ တွေ့ရှိခဲ့ပြီး မနက်ပိုင်း ၁၀ နာရီ မိနစ် ၂၀ မှာ တလောင်းနဲ့ နေ့လယ် ၁ နာရီကျော်လောက်မှာ တလောင်းတို့ကိုတွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေကနေ သိရပါတယ်။

သူတို့ ၃ ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်၊ စနေနေ့ နေ့လယ် ၁၁ နာရီ ခွဲလောက်မှာ ရေနစ်ပျောက်ဆုံးသွားတာဖြစ်ပြီး သူတို့ရေနစ်သွားတဲ့ ဖြစ်စဉ်ကို ပွိုင့်အပန်းဖြေစခန်းရဲ့ CCTV မှတ်တမ်းကနေတဆင့် တွေ့ရှိခဲ့ပြီးနောက် အခုလို အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးတွေဟာ ၄ တန်းကျောင်းသားတွေဖြစ်ပြီး စက်ဘီးနှစ်စီးနဲ့အတူ ပွိုင့်ကမ်းခြေဘက် လာရောက်ကာ ရေဆော့ကစားချိန် အခုလိုရေနစ်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

ပျောက်ဆုံသွားတဲ့ကလေးတွေဟာ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်နေ မောင်အောင်မြတ်သူ၊ မောင်ဟိန်းထက်ဝင်းနိုင်နဲ့ စစ်တွေမြို့၊ ဘုမေရွာအနီး၊ လေးထပ်ဆောင်က မောင်ဇွဲဘုန်းခန့် တို့ဖြစ်ပါတယ်။

အဲဒီထဲက မောင်ဇွဲဘုန်းခန့်ကို ဒီကနေ့ မနက် ၁၀ နာရီ ၂၀ မိနစ်က ကျေးတောရွာမ ဒီရေတောအနီး ရှာဖွေတွေ့ရှိခဲ့ပြီး မောင်ဟိန်းထက်ဝင်းနိုင်ရဲ့ အလောင်းကိုတော့ နေ့လည် ပိုင်း ၁ နာရီခွဲလောက်မှာ ရွှေမင်းဂံ ရေတပ်စခန်းအနီး ကစ္စပနဒီ မြစ်ကမ်းစပ်မှာ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ မောင်အောင်မြတ်သူရဲ့ အလောင်းကိုတော့ ကူညီကယ်ဆယ်ရေးသမားတွေ ဆက်လက်ရှာဖွေနေကြပြီး လက်ရှိအချိန်ထိ ရှာဖွေမတွေ့ရှိသေးဘဲ ဖြစ်နေပါတယ်။

ရှာဖွေတွေ့ရှိတဲ့အလောင်းတွေကို ကူညီကယ်ဆယ်ရေးသမားတွေက စစ်တွေဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီကျော်လောက်မှာ စစ်တွေမြို့၊ အာကျိတ်တော်ကုန်း သုဿာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ကူညီရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတဦးက “ အခုက ၂ ယောက်တွေ့ထားတဲ့ နေရာတွေကို မွှေနှောက်ရှာဖွေနေကြတယ်။ ဒါပေမယ့် ရှာမတွေ့သေးဘူး။” လို့ ပြောပါတယ်။

အခုလိုမျိုး ကျောင်းသားလူငယ်လေးတွေ ရေနစ်သေဆုံးရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ဒရုန်းအဖွဲ့တွေကို အကူအညီတောင်းထားကာ လက်ရှိမိုးသက်လေပြင်းကျရောက်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“ စာသင်နေကြတဲ့ ကလေးတွေ ဆုံးရှုံးလိုက်ရတာဟာ ကိုယ့်ပြည်အတွက်လည်း အရမ်းနစ်နာပါတယ်။ သူတို့လေးတွေဟာ ကျနော်တို့နဲ့ ဆွေမျိုးမတော်စပ်ပေမယ့် စိတ်မကောင်းဖြစ်ရတယ်။ မိသားစုမှာဆိုရင် ဒီလောက် ပြုစုကျွေးမွေးစောင့်ရှောက်လာတာ အသက်အရွယ်တစ်ခုရောက်လာပြီးမှ ဒီလိုဆုံးရှုံးလိုက်ရတာဟာ ဝမ်းနည်းပူဆွေးရတဲ့အပေါ်လည်း ကိုယ်ချင်းစာနာမိပါတယ်” လို့ ပြောပါတယ်။

ကူညီကယ်ဆယ်ရေးသမားတွေဆီက အခုနောက်ဆုံးဝင်လာတဲ့ သတင်းတွေအရ မြစ်ပြင်နဲ့ ကမ်းစပ်တလျှောက် ကျောက်ချရပ်တန့်ထားတဲ့သူတွေကလည်း မှန်ပြောင်းတွေနဲ့ စောင့်ကြည့်ထားကြပေမယ့် အစအနမတွေ့ရသေးတာကြောင့် မိုးသက်လေပြင်းမုန်းတိုင်းနဲ့ လှိုင်းကြီးနေတာကြောင့် ရှာဖွေမတွေ့ရှိမှာကိုလည်း စိုးရိမ်မိတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ကိုလင်းလင်းက “ အခုအခြေအနေက ရှာတွေ့နိုင်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ကျနော်တို့ ရှာနေတာလည်း နေရာနှံ့နေပါပြီ။ စုံနေပါပြီ။ အခုလို လေမုန်တိုင်းနဲ့ လှိုင်းကြီးနေတဲ့အခြေအနေအရဆိုရင် ဒီနေ့ ရှာတွေ့နိုင်မယ်မထင်ပါဘူး” လို့ သူ့ရဲ့စိုးရိမ်စိတ်ကို ပြောပါတယ်။

လက်ရှိမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်တွေမြို့နယ်၊ ကျေးတောရွာမ၊ ခမောင်းတော၊ ရွှေပြား၊ ရွှေမင်းဂံနဲ့ အနီးအနား ရပ်ရွာတွေဘက်မှာ ရှာဖွေမှုတွေ ပြုလုပ်နေတာ်လို့ ဆက်ပြောပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ရဲတို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ကူညီကယ်ဆယ်ရေးသမားတွေက ပါတယ်။

စစ်တွေကမ်းခြေမှာ အရင်ကလည်း ဒီလို ရေနစ်သေဆုံးမှုတွေရှိပြီး ဖြစ်စဉ်တွေရှိခဲ့ပြီး စစ်တွေမြို့သို့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေထဲက ကမ်းခြေမှာ ရေကစားရင်း နစ်မြုပ်တာမျိုးလည်း ကြုံတွေ့ဖူးကြောင်း ကူညီကယ်ဆယ်ရေးသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ရေနစ်ပျောက်ဆုံးကလေးငယ် #အလောင်း၂လောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW