၆၂ နှစ်မြောက် KIO နေ့အကြိုဖျော်ဖြေဲပွဲ လေယာဥ်နဲ့ဗုံးကျဲခံရပြီး လူ ၁၀ဝ နီးပါး သေဆုံးဖွယ်ရှိ

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်ပုံကျေးရွာအနီး KIA တပ်မဟာ ၉၊ အနန့်ပါ (A Nang Pa) တပ်စခန်းနေရာမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ဖျော်ဖြေရေးပွဲ ကျင်းပပြုလုပ်နေချိန် လေယာဥ်နဲ့ ဗုံးကျဲခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးကာ ၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖားကန့်မြို့ခံ ကချင်လူငယ်တွေဆီက သိရပါတယ်။

” ၆၂ နှစ်မြောက် KIO နေ့က လာမယ့် ၂၅ ရက်မှာ ကျရောက်မှာဖြစ်တယ် ၊ ကျင်းပနေတာက အကြို ဖျော်ဖြေရေး စတိတ်ရှိုးပွဲဖြစ်တယ် ၊ ည ၈ နာရီမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးလာကျဲတယ် ၊ အဲ့ဒီအချိန်မှာ ကချင်တေးသံရှင် အော်ရာလီ (Aurali) ဆိုနေတာ ၊ သူကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ် ၊ KIO ဘက်က တပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ သိရတယ် ၊ ည ဆိုတော့ သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးဘူး ၊ ဒဏ်ရာရတာတွေလည်းများတယ် ၊ အဲ့ဒီ အထဲမှာ ကချင်အနုပညာရှင်အသင်းက ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ဒဏ်ရာရထားတယ် ၊ သေဆုံးသူ ၁၀ ယောက်မကဘူး ၊ ဒဏ်ရာရတာလည်း ၃၀ ကျော်တယ် “လို့ ဖားကန့်မြို့နယ် ၊ ကံဆီး (Ginsi)ရွာခံ ကချင်လူငယ် တယောက်က ပြောပါတယ်။

ဒေသခံတဦးကတော့ ” အခု ကေအိုင်အိုနဲ့နီးစပ်တဲ့ဂီတသမားကျနော်မေးတာ ကွင်းပြင်မှာ လူ၃ ထောင်စာလုပ်ထားပြီး မီးတွေဆောင်းဘောက်တွေနဲ့ ဆင်ထားဖွင့်ထားကြတော့ ပစ်မှတ်ကထင်းနေတာဗျ၊ လေယာဉ်ပျံက မြစ်ကြီးနားကမဟုတ် မကွေးဘက်ကလာတော့ လမ်းကြောင်းက ခါတိုင်းလိုမဟုတ် ဗုံး၄ လုံးတောင်ချခဲ့တာဆိုတော့ ကျနော့်အကိုလင်မယားအပြင် လောပန်းတွေ၊ ကေအိုင်အိုအရာရှိတွေ အတော်ကျကုန်တယ်၊ ညက လူ ၇၀လောက် ဆေးရုံမှာ ထပ်သေတော့ ရာဂဏန်းကပ်မယ်”လို့ ပြောပါတယ်။

အဲ့ဒီလို ဗုံးကျဲခံရတာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ညက ၈ နာရီဝန်းကျင်မှာ ၊ ဂျက်ဖိုက်တာ လေယာဥ်တွေပျံသွားတဲ့ အသံကြားရတယ် ၊ ဒီမနက် သိရတာက မှော်ပုံဘက်က KIO စခန်းဘက်ကို တိုက်ခိုက်ခံရတာလို့ ​သိရတယ် ၊ ထိခိုက်သေဆုံးမှုတွေ ရှိတယ် ၊ အရေအတွက်ကတော့ မသိရသေးဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ခံ တယောက်က ” ဒီမနက် နောက်ဆုံးသိရတာက သေဆုံးသူတွေထဲမှာ ကေအိုင်အေက လူကြီးပိုင်း သုံးဦးလည်းပါတယ် ၊ ရွာဘက်တွေက ပွဲတက်လာတဲ့ အနုပညာရှင်တချို့လည်း ပါတယ်လို့ သိရတယ် ၊ ဂျက်ဖိုက်တာ ပစ်တာက လက်နက်ကြီး လေးလုံးဖြစ်တယ် ၊ ဥရုချောင်းအကျော်မှာ လက်နက်ကြီး နှစ်လုံးနဲ့ ကေအိုင်အေ လေ့ကျင့်ရေးကွင်းအနီးမှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ် “လို့ ပြောပါတယ်။

နောက်ထပ်သိရတာတွေကတော့ ဝါရင့် မင်းသား L ဇော်ဒိန်၊ နာမည်ကျော် အဆိုတော် Aura Li၊ ကီးဘုတ်သမား Ko King၊ အမျိုးသမီး အဆိုတော် G ယော်လွေ၊ အရာရှိ ၂ ဦး၊ သူဌေး ကတော် ၁ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပေမယ့် အတည်ပြုထုတ်ပြန်ထားတာကိုတော့ မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW