နွေနွေ မိုးမိုး ဆောင်းဆောင်း

ဆူးငှက်

ကုန်လွန်ခဲ့သော နှစ်၄၀ ဝန်းကျင် နွေဦးပေါက်ကာလ၊ ပူတယ်လေ ဆယ်နေကဲ လှသော မန္တလေးပူပူမှာ ဝမ်းမီးအပူအတွက် မနက်မိုးလင်းကတည်းက စက်ဘီးလေးတစ်စီးဖြင့် တစ်နေရာမှ တစ်နေရာ ပြေးဟယ် လွှားဟယ် လှုပ်ရှားနရသည်မှာ နေအပူမှာပင် မနားအား။ လမ်းမကြီးပေါ်မှာ လေပွေတွေက ကျင်ပေါက်တမ်း ကစားနေကြ၏။ ဗာဒံရွက်ကြွေတချို့က စကိတ်စီးနေကြသည်။ ““ပိုက်ကျုံး ဂေါ်ဝိန်”၊ “ပိုက်ကျုံးဂေါ်ဝိန်”ဟု အာခေါင်ခြစ် အော်ဟစ်နေသော ဘတ်စ်ကား စပယ်ယာအသံက နွေဦးနေ့လယ်ကို
ပုဒ်ဖြတ်ပေးနေ၏။

“ရှေ့အပြရောက်ရင် ဘယ်ဘက်ချိုးရမယ်” ဟူသော အသိဖြင့် စက်ဘီးကို ၂၆ ဘီလမ်းမကြီး၏
လမ်းလယ်မှာ နေရာယူထားလိုက်သည်။ မိကျောင်းတံတားလမ်း ဆီကို…။ မိကျောင်းတံတားလမ်းကို ၂၆ ဘီလမ်းပေါ်ရှိ လမ်းညွှန် ဆိုင်းဘုတ်က ၈၉လမ်းဟု ညွှန်ပြထားသည်။ ၈၉လမ်းကို ကျွန်တော်မသိ။ မိကျောင်းတံတားလမ်း၏ မြောက်ဘက်ထိပ်မှာ ဂွေးချိုတိုက်ရှိသည်။ ဂွေးချိုတိုက်သည် မန္တလေးအနောက်ပြင်ရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများစွာအနက်မှ တိုက်ကြီးတစ်တိုက်ဖြစ်၏။
ဤနားတစ်ဝိုက်တွင် ဒက္ခိဏဝန်တိုက်၊ ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ အနောက်ထီးလင်းတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊ မဃဝတီ တောင်သမန်တိုက်၊ ပုဂံတိုက်၊ ဆင်တဲတိုက်တို့ရှိသည်။ ဂွေးချိုတိုက်နှင့် မိုးကောင်းတိုက်ကြားမှာ ထူးဆန်းသော လမ်းကလေးလည်းရှိသည်။ ကျောင်းတိုက်ကြီးနှစ်တိုက်၏ အုတ်တံတိုင်းနှစ်ခုအကြား၌ ခြောက်ပေခန့်ကျယ်သော နေရာလွတ်ကလေးရှိနေ၏။ ထိုနေရာလွတ်ကလေးကို အရှေ့ဘက် မိကျောင်းတံတားလမ်းမှသည် အနောက်ဘက် ကျောက်ဆစ်တန်းလမ်းအထိ ကွန်ကရစ် အပြည့်ခင်းထား၏။ မည်သည့်နှစ်၊ မည်သည့် အချိန်က ခင်းခဲ့သည်မသိ။ ကျွန်တော်တို့ငယ်စဉ် ကပင် ထိုလမ်းကလေး ဖြောင့်ဖြူး ညီညာနေသည်။ ခြောက်ပေသာသာ အကျယ်ရှိ တစ်ပြပေါက်လမ်းကလေးမှာ ဈေးချိုမှသည် ပလိုင်း၊ လက်ရွေး၊ ဖို့ကုန်း၊ ထင်ဝင်း၊ ဒေးဝန်းစသည့် အရပ်များဆီသို့ (သို့မဟုတ်) ထိုအရပ်မှ ဈေးချို၊ ဘဏ်တိုက်၊ ကျုံးထောင့်၊ ဘူတာကြီး၊ ရုံးကြီး၊ မစိုးရိမ် ရုပ်ရှင်ရုံ၊ ရွှေနဂါးရုပ်ရှင်ရုံ ၊ မြို့မ ရုပ်ရှင်ရုံစသည့် အရှေ့အရပ်ရှိ နေရာဌာနများဆီသို့ သွားလာသူများအတွက် အလွန်အဆင်ပြေ လူသွား များလှသော လမ်းကြားလေးဖြစ်သည်။

လမ်းကြားလေးမှာ စက်ဘီးနှစ်စီးရှောင်နိုင်သဖြင့် စက်ဘီးသမားများလည်း အဆင်ပြေသည်။
ဆိုက်ကားကတော့ မျက်နှာချင်းဆိုင်မရှောင်နိုင်… ။ သို့သော် မျက်နှာချင်းဆိုင် ဆိုက်ကားမြင်လျှင်
လမ်းဦးနှင့်သော ဆိုက်ကားက လမ်းကြားလေးအလယ်တည့်တည့်ရှိ ကျောင်းတိုက်နှစ်တိုက်အကူး
တံခါးမကြီးဆီ အရောက်သွားကာ လမ်းကြားလေးမှ ဖဲ့ဆင်းပေးတတ်ပါသည်။ စက်ဘီးစီးတတ်ခါစ လူတစ်ဦးအဖို့ ထိုလမ်းကြားလေးမှာ တောင်းနှင့်ဈေးသည်တွေ၊ ကယ်ရီယာမှာ ထင်းတွေ တင်လာသည့် မျက်နှာချင်းဆိုင်စက်ဘီးတွေ၊ ကလေးလက်ဆွဲလာသည့် သားအမိတွေ၊ ထီးကြီးဆောင်းလာသည့် ဘုန်းတော်ကြီးတွေကို အထိအခိုက်မရှိ စက်ဘီးပေါ်မှ
မဆင်းရဘဲ စီးလာနိုင်လျှင် စက်ဘီးစီးတတ်ကြောင်း သာမန်ဆင့်အောင်လက်မှတ်ရပါ၏။ အထူးအောင်လက်မှတ်ကိုတော့ မိကျောင်းတံတားပေါ်မှာ ဆင်းစရာမလိုဘဲ လိုရာခရီး အထိအခိုက်မရှိစွာ
စီးနိုင်မှ ရပေမည်။

အဘယ်ကြောင့်ဆိုသော် မိကျောင်းတံတားလမ်းသည် များသောအားဖြင့် ယာဉ်တွေ ပိတ်ဆို့နေတတ်သည်။ သစ်တွေတင်ထားသည့် အမိုးဖွင့်မြင်းလှည်း။ ပါစင်ဂျာနှင့်ဆိုက်ကား။ ဆန်အိတ်တွေနှင့် ထော်လာဂျီ၊ ခရမ်းချဉ်သီးတောင်းတွေနှင့် ချယ်ဂါလီ၊ အမိုးဝါးကတ်တွေ တင်ထားသည့် ဘတ်စ်ကား။ သကာရည်ပိုင်းများနှင့်ခေါက်တိုယာဉ်၊ မင်္ဂလာပွဲအမှီ ကိတ်မုန့်ပို့ဂျစ်ကား ။ အသံချဲ့စက်သံ တညံညံနှင့် အလှူခံလေးဘီး။ ဗိုက်နာကိုယ်ဝန်နှင့် ဆေးရုံပို့ သုံးဘီးယာဉ်၊ ဆေးလိပ်ပုံးကြီးတွေတင်ထားသည့် စက်ဘီး၊ ဟွန်းသံတညံညံပေးကာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသော ယူဒီ ဆယ်ဘီးကားကြီး။ ထပ်ခိုးထည့်ကာ လူအပြည့်တင်ထားသည့် ဘုရားဖူးယာဉ်။တဖူးဖူးမှုတ်ကာ ပေကပ်ကပ်လုပ်နေသည့် လွှစာတင်နွားလှည်း။ မန္တလေးမြို့ပေါ်ရှိ ယာဉ်အမျိုးအပေါင်း အစုံအလင်ကို ဤမိကျောင်း တံတားလမ်းပေါ်တွင် ကျပ်ညှပ်ပိတ်ဆို့နေတာ အမြဲမြင်ရ၏။ သည်ယာဉ်တွေကို ကျော်ဖြတ်ကာ လိုရာခရီး သွားနိုင်သည့် စက်ဘီးသမားသည် အထူးအောင်လက်မှတ်ရသင့်ပါပေ၏။

မိကျောင်းတံတားလမ်းဘေးမှာ မိုးကောင်းတိုက် အုတ်တံတိုင်း တစ်လျှောက် ကုက္ကိုရိပ်ကြီးတွေ ကောင်းလှ၏။ နေပြောက်မထိုး ဟု ဆိုရမလို…။ မိုးကောင်းကျောင်းတိုက်ကြီးကလည်း နာမည်ကျော် ကျောင်းတိုက်ကြီးဖြစ်သည်။ ညောင်ရမ်း ဆရာတော်ဘုရားကြီး၊ ဒေးဝန်းဆရာတော်ဘုရားကြီးတို့ သီတင်းသုံးခဲ့ဖူးသည်။ အရှေ့တောင်ထောင့်မှာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းလည်းရှိ၏။
မင်းကြီးကျောင်းဟုခေါ်၏။ ကျွန်တော်တို့က ဒက္ခိဏဝန်တိုက် ဦးပဏ္ဏဝံကျောင်းသားများဖြစ်သည်။
ကျွန်တော်တို့ ဦးပဏ္ဏဝံကျောင်းနှင့် မင်းကြီးကျောင်းက အပြိုင်…။ မိုးကောင်းတိုက်မှာ အလယ်တိုက်ကြီးရှိသည်။ အလယ်တိုက်၏ အပေါ်ထပ်မှာက တိုင်လုံးကြီးများသည် ရွှေပိန်းချ မှန်စီရွှေချ တိုင်လုံးကြီးများဖြစ်သလို…၊ မျက်နှာကြက်နှင့် အခန်းနံရံများကိုလည်း ရွှေပိန်းချထား၏။ နန်းတော်ကြီးတမျှ ခမ်းနားလှသည်။ ရွှေပိန်းချထားသည်က ရှေးလက်ရာ ရွှေအစစ်များမို့ အဖိုးတန်လှသည်။

မိုးကောင်းတိုက်နှင့် မျက်နှာချင်းဆိုင် အရှေ့ဘက်တွင် အိမ်တော်ရာဘုရားရှိသည်။ မဟာလောကရံသီ အိမ်တော်ရာစတီတော်ဖြစ်သည်။ ပုဂံမင်းကောင်းမှုဖြစ်၏။ မိကျောင်းတံတားလမ်းနှင့် အိမ်တော်ရာဘုရား အုတ်တံတိုင်းအကြား မြောက်ဘက်ခြမ်းသည် ကွက်လပ်ကြီးဖြစ်၏။ သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ရက် ၊ ၁၃ရက် အိမ်တော်ရာဘုရားပွဲ တွင် ဇာတ်ပွဲခင်းကြီး ဖြစ်၏။ ထိုနေရာတွင် အိမ်တော်ရာဘုရား ပရိဝုဏ်အတွင်းဝင်သော မော်တော်ကားဝင်ပေါက်ရှိသည်။ ယခု ကားဝင်ပေါက်သည် လှပခံ့ညားသော မုခ်ပေါက်ကြီးနှင့်ဖြစ်နေပြီ။ ၁၉၈၀ ဝန်းကျင် ကာလများက လေဘေးထည်ဟုခေါ်သည့် ဘေထုပ်အဟောင်းထည် ဈေးကွက်ကြီး တစ်ကွက် အိမ်တော်ရာဘုရားဝင်းအတွင်း
စတင်ဖွင့်လှစ်ခဲ့ဖူးသည်။ ယာယီ ဆိုင်ခန်းများနှင့် တိုးမပေါက်အောင် စည်ကားကာ အရောင်းအဝယ်ဖြစ်ထွန်းခဲ့ကြသည်။ ဤဈေးတန်းကြီးကား အိမ်တော်ရာဘုရား အနောက်မြောက်ထောင့်မှာ ရှိခဲ့သည်။ သည်တုန်းက အိမ်တော်ရာ အနောက်ဘက် ကားဝင်ပေါက်နှင့် ကွင်းနေရာတွင် ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ အစီအရီ ကျပ်ညပ်၊ဈေးတန်းကြီးနှင့် ဘုရားပွဲတမျှ စည်ကားလှ သည်။ အခုတော့ ထိုနေရာများကား အပြောင်းအလဲကြီး ပြောင်းလဲသွားပြီ။

ဂွေးချိုတိုက်နှင့် မိုးကောင်းတိုက်ကြား လမ်းလေးက စက်ဘီးတွေ မရှိတော့။ သို့သော် မိကျောင်းတံတား
လမ်းပေါ်မှာတော့ လမ်းကောင်းသည်နှင့်အမျှ ကားတွေရှုပ်ဆဲ၊ စက်ဘီးအစား ဆိုင်ကယ်တွေ ပိတ်ဆို့ဆဲ။ မပြောင်းလဲတာက ကုန်လွန်ခဲ့သည့် နှစ်၄၀ ဝန်းကျင်က အိမ်တော်ရာ လေဘေးထည်တန်းမှာ တိုးဝှေ့ ပိတ်ဆို့ ဝယ်ယူကြသူများ၏ သားသမီးမြေးမြစ်များသည် ညောင်ပင်ဈေးလေဘေးတန်းနှင့် မန္တလေး၏
အပြတိုင်းမှာ လမ်းဘေးဖွင့်လှစ်သည့် လေဘေးထည်ဆိုင်တွေက အထည်ပုံဘေးထိုင်ကာ မိသားစုအတွက် ရွေးချယ် ဝယ်ယူနေကြဆဲဖြစ်သည်။ သည်မြင်ကွင်းက ဆောင်းမှ မဟုတ်၊ နွေထည် မိုးထည်အတွက်ပါ ဥတုသုံးပါးလုံး မပြောင်းမလဲ မြင်တွေ့နေရသည်။ နွေနွေ မိုးမိုး ဆောင်းဆောင်း ဥတု သုံးလီ
အသုံးဝင်သည်လေ၊ အခုလည်း ဆောင်း ဝင်ပြန်ပေါ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW