ဗန်းမော် မံခွန်ရွာမှာ လက်နက်ကြီးကျည် ထိမှန်လို့ ပဲစိုက်နေတဲ့ အမျိုးသမီး တဦးသေဆုံး

အောက်တိုဘာ ၂၇၊ ၂၀၂၂
Shy V (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နှင်းအီကျေးရွာအုပ်စု၊ မံခွန်ရွာမှာ မနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက ယာခင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လက်နက်ကြီးကျည်စ ထိမှန်လို့ ပဲစိုက်နေတဲ့ အမျိုးသမီး တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

“အစထိတာ။ ဗိုက်ဘေး နံပွင့်သွားတာပေါ့ ဘေးကနေ။ အူတွေ ထွက်ကုန်တာပေါ့၊ နေ့ခင်း မွန်းလွဲ ၁ နာရီကျော်လောက်က လယ်ခြံမှာ မြေထောက်ပဲစိုက်နေချိန် လက်နက်ကြီး ပစ်လိုက်တာ၊ သူတို့ ဘယ်လို ပစ်လဲတော့ မသိဘူး။ ကျသွားတာပေါ့ လက်နက်ကြီး ကျနော်တို့ မြေထောက်ပဲ စိုက်‌နေတဲ့ ဘေးနားကို။ သုံးယောက်သွားတာ။ ကျန်တဲ့သူတွေက မထိဘူး။ ဝပ်လိုက်တာ” လို့ သေဆုံးသွားသူရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

သေဆုံးသူဟာ ‌အသက် ၄၅ နှစ်ရှိပြီး အဲ့ဒီရွာ ပတ်ပတ်လည်တွေမှာ တိုက်ပွဲဖြစ်ပွားတာ ရက်အနည်းငယ် ကြာလာပြီ ဖြစ်ပေမယ့် မနေ့ကတော့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ညနေပိုင်း ၁ နာရီလောက်မှ ရုတ်တရက် လက်နက်ကြီး ပစ်ခတ်လိုက်တာလို့ သိရပါတယ်။

“မနက်ပိုင်းက ဘာမှ မဖြစ်ဘူး။ ဘာသံမှ မကြားရဘူး။ ….ဒီလိုဖြစ်တာ မကောင်းဘူး။ သူတို့ ပစ်တဲ့ပုံစံက ကြားထဲက မဆီမဆိုင် ကျနော်တို့ ပြည်သူတွေ ထိခိုက်တာပေါ့။ ပရမ်းပတာ မပစ်ဖို့တော့ လိုတာပေါ့
၊ အမြှောက်နဲ့ ပစ်တာဖြစ်ပြီး ဘယ်အဖွဲ့နဲ့ ပစ်လဲ တော့ မသိဘူး။”လို့ ဒေသခံ တဦးက ပြောပါတယ်။

အခုလို ရုတ်တရက် ပစ်ခတ်တာမျိုး မဖြစ်သင့်ကြောင်းနဲ့ အခုလို ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်းရှိ လုံဂျာ‌တောင်မှာ စစ်တပ်နဲ့ KIA, PDF ပူးပေါင်းအဖွဲ့တို့တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ အထက်တန်းကျောင်းမှာ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ဗန်းမော်

Related posts

Leave a Comment

VOM News

FREE
VIEW