ဂွ-ငသိုင်းချောင်း လမ်းမကြီးမှာ အထောက်အထားမဲ့သူ ၄၆ ဦးနဲ့ လမ်းပြ ၂ ဦးဖမ်းမိ

အောက်တိုဘာ၊၂၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း နဲ့ ဂွ ကားလမ်းမကြီး ရဲ့ တောစပ်တစ်နေရာမှာ မနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက အထောက်အထားမဲ့ဝင်လာတဲ့သူ ၄၆ ယောက်နဲ့ လမ်းပြ ၂ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။

ဂွမြို့နယ် ငါးသိုင်းချောင်း -ဂွကားလမ်း ဒေါင်းချောင်း ကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး တောစပ်မှာအထောက်အထားမဲ့သူတွေဝင်လာပြီး ခေတ္တနား နေတယ်လို့ သတင်းရတာကြောင့် သက်ဆိုင်ရာက လိုက်လံရှာဖွေရာကနေ အခုလို အထောက်အထားမဲ့သူ ၄၆ ယောက်နဲ့ လမ်းပြ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့သူတွေက စစ်တွေ နဲ့ မောင်တောဒေသက လာခဲ့ကြတာတဲ့ ၊ ပွဲစားတဦးရဲ့ အဆက်အသွယ်နဲ့ မလေးရှားကိုသွားဖို့အတွက် ထွက်လာတာပါ ၊ ဗောဓိကျေးရွာမှာ အခုလို ဖမ်းမိတာပါ။”လို့ တာဝန်ရှိသူတဦး ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့သူတွေဟာ အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်၊ လမ်းပြ ၂ ယောက် ၊ စုစုပေါင်း ၄၈ ယောက်ဖြစ်ပြီး အဲ့ဒီ့ ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေဆီ ပွဲစားဆိုသူ အမျိုးသား တဦးက ရောက်လာပြီး မလေးရှား နိုင်ငံသွားချင်ရင် သိန်း ၈၀ နဲ့ပို့ဆောင်ပေးမယ်၊ ပို့ဆောင်ခကို ချက်ချင်း ပေးစရာမလိုဘဲ မလေးရှား ရောက်တဲ့အချိန်မှသာ ပေးလို့ရတယ်ဆိုပြီး ခေါ်လာတာလို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းမိထားတဲ့ အထောက်အထားမဲ့သူတွေကို ဂွမြို့နယ်ရဲစခန်းမှာ ပြန်လည်ထိန်းသိမ်းထားရှိပြီး လဝက အက်ဥပဒေနဲ့ အမှုဖွင့်အရေးယူသွား မှာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းမှ စက်လှေနဲ့ဝင်လာတဲ့ အထောက်အထားမဲ့သူ ၅၄ ဦးနဲ့ စက်လှေသမား ၄ ဦးကိုလည်း ဖမ်းမိခဲ့သေးတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ အထောက်အထားမဲ့သူ အယောက် ၇၀၀ ကျော်ကို ပုသိမ် ၊ ရေကြည် ၊ ကြံခင်း ၊ ဝါးခယ်မ ၊ ဘိုကလေး ၊ မြောင်းမြ ၊ ကျိုက်လတ် ၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေမှာဖမ်းမိခဲ့ပြီး သူတို့ထဲက အယောက် ၁၀၀ ကျော်ကို ထောင်ဒဏ်ချမှတ်ထားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငသိုင်းချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW