မုံရွာက ကားရေဆေးဆီလိုက် ဆိုင်ထဲမှာ လူ ၃ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နယ်မြေအမှတ် ၁ ၊ အေးရိပ်သာလမ်းမှာရှိတဲ့ ရေဆေးဆီလိုက် ဆိုင်တခုထဲကို မနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗုံးနဲ့ထုပြီး သေနတ်နဲ့ ပစ်ခတ်ထာကြောင့် လူသေဆုံးတာတွေဖြစ်ပွားခဲ့တယ်လို့ နန္ဒဝန်ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” အေးရိပ်သာလမ်းပေါ်က စန်းမင်းကို ကားရေဆေးဆီလိုက် ဆိုင်ထဲမှာ ဖြစ်တာပါ ၊ မိန်းကလေးတွေပါတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပထမ ဗုံးနဲ့ပစ်ပေါက်တယ် ၊ ဗုံးကွဲသွားတဲ့အချိန် သေနတ်နဲ့ ဝင်ပစ်တာ ဆိုင်ရှင်အပါအဝင် လူ ၃ ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ် ” လို့ နန္ဒဝန်ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ အမျိုးသမီး တယောက်အပါအဝင် လူ ၄ ယောက်က ကားရေဆေးဆီလိုက်ဆိုင်ထဲကိုဝင်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ကာ သေနတ်နဲ့ ပစ်သတ်တာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဆိုင်ရှင် ဒေါ်ကြင်နု( ၄၅) နှစ်၊ သူ့ရဲ့အဖေဖြစ်သူ ဦးကျော်ဌေး (၇၆) နှစ် နဲ့ ဦးမြတ်နိုးကျော် (၅၁) နှစ် ၃ ဦးတို့ဟာ ဗုံးစထိမှန်တာနဲ့ ကျည်ဆံထိမှန်တာကြောင့် နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ် နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အခု ပစ်သတ်မှုဖြစ်ပွားရာ နန္ဒဝန်ရပ်ကွက်နားက စက်မှုဇုန်ရပ်ကွက် ၊ ဗိုလ်တေဇလမ်းပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက မိဘမေတ္တာ လက်ဘက်ရည်ဆိုင်ထဲမှာ လူငယ် ၃ ဦး ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ ရက် ညနေပိုင်းကလည်း နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၆ ထဲမှာ အမျိုးသမီး ၁ ဦး အပါအဝင် လူ ၃ ဦး ပစ်သတ်ခံရပြီး အဲ့ဒီအနားမှာရှိနေတဲ့ ဆေးသုတ်လုပ်သားတယောက်နဲ့ ဘုန်းကြီးတပါးလည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW