မြောင်မြို့နယ်က ပရိမ္မ ထိတွေ့တိုက်ပွဲမှာ သေဆုံး၊ဒဏ်ရာရတာတွေရှိ

အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ် ၊ ပရိမ္မကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရတာနဲ့ လူသေဆုံးတာတွေရှိတယ်လို့ ပရိမ္မရွာခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စစ်ကြောင်းက ရွာထဲကိုဝင်လာတယ် ၊ အဲ့ဒီမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူ ၂ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးရတယ် ၊ ၈ နာရီခွဲလောက်မှာ ရဟတ်ယာဥ် ၂ စီးရောက်လာပြီး ဝေဟင်ပစ်ခတ်တာတွေဖြစ်တယ် ၊ လူ ၂ ယောက်ထိမှန်သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ် ၊ သေဆုံးတာတွေလည်း ရှိတယ် ” လို့ ပရိမ္မရွာခံ တယောက်က ပြောပါတယ်။

ပရိမ္မရွာနားက ထိတွေ့တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကိုင်း ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” မြေပြင်နယ်မြေရှင်းလင်းရေးအဖွဲ့တွေနဲ့ ဝေဟင် လုံခြုံရေးအဖွဲ့တွေ ပူးပေါင်း ရှင်းလင်းတာဖြစ်တယ် ၊ အဲ့ဒီ ရှင်းလင်းရေးမှာ ရုပ်အလောင်း ၂ လောင်း ၊လက်လုပ်သေနတ် ၁၁ လက် ၊ အမ်(၂၂) သေနတ် ၁ လက် ၊ လက်ပစ်ဗုံး၁၂ လုံး ၊ လက်လုပ်စိန်ပြောင်း ၁၁ လက် ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁ လုံး ၊ အီနာဂါဗုံးသီး ၅ လုံး ၊ လက်လုပ်မိုင်း ၂၀ လုံး ၊ ယမ်းကြိုး ၂ ခွေ ၊ ဒီတိုနေတာ ၅၀ ချောင်း ၊ ဝရိန်ပုံး ၁ ပုံးတွင်ခုံ ၁ ခု ၊ သံဖောက်စက် ၁ လုံးသံဖြတ်စက် ၃ လုံး ၊ ဆိုင်ကယ် ၁၃ စီး ၊ ကျည်အိမ်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာ မရှိဘူး ” လို့ ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာအချို့မှာတော့ ချင်းတွင်းမြစ်ကြောင်းထဲမှာ စစ်သားလို့ ယူဆရတဲ့ အလောင်းတချို့တွေ့တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကလည်း မြောင်မြို့နယ် ၊ ပရိမ္မ အခြေခံပညာအထက်တန်းကျောင်းထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကား ၂ စီး ၊ ဆိုင်ကယ် ၁၃ စီး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မြောင်မြို့နယ်ထဲမှာ အခုနှစ် ၁၀ လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်

Related posts

Leave a Comment

VOM News

FREE
VIEW