လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာမှာ လက်နက်ကြီး ပစ်ခတ်လို့ လူ ၃ ဦး ထိခိုက် ဒဏ်ရာရ

အောက်တိုဘာ ၃၀၊ ၂၀၂၂
Shy V(VOM)

ကချင်ပြည်နယ်၊ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာမှာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က လက်နက်ကြီး ပစ်ခတ်လို့ လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၁ နာရီခန့်မှာ။ မုံလိုင်ခက်ရွာ ရပ်ကွက် ၆ က နေအိမ် တစ်အိမ်နားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ်။ လိုင်ဇာ အနီးတဝိုက် လေယာဉ် ဝဲနေတာ။ လေယာဉ်က မတွေ့ရဘူး။ မီးမလင်းဘူး။ အသံပဲ ကြားနေရတယ်။ လက်နက်ကြီးသံ ၃ ခါ ကြားရပြီး ပြန်လှည့်သွားတယ်၊ ခါ့ယာတောင်မှာ တပ်စခန်းချနေတဲ့ စစ်တပ်ကနေ ၁၂၀ မမ လို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

နောက်ထပ် ဒေသခံ ၁ ဦးကလည်း “ခါ့ယာတောင် ကနေ စစ်တပ်က လက်နက်ကြီး ၃ ကြိမ်ပစ်လိုက်တာ။ မုံလိုင်ခက် မှာ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရသွားတာ”လို့ ပြောပါတယ်။

လက်နက်ကြီး ၅ ကြိမ်ပစ်လိုက်တဲ့အနက် ၃ ကြိမ် ပေါက်ကွဲပြီး၊ နောက်ထပ် လေယာဥ် နဲ့ ၂ ကြိမ် လိုင်ဇာအနီးတဝိုက်ပျံဝဲကာ လုံဂျာတောင်ဘက် သွားရောက် ဗုံးကျဲခဲ့ကြောင်း ကေအိုင်အေနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

လိုင်ဇာအနီးတဝိုက် လေယာဥ် ပျံဝဲနေတာကြောင့် တရုတ်ဘက်က မြန်မာဘက်ကို မီးထိုးပြီး သတ်ိပေးတာတွေ အကြိမ်ကြိမ်လုပ်လာတယ်လို့လည်း သိရပါတယ်။

ဖားကန့် အနန်ပါမှာ လူ အစုလိုက် အပြုံလိုက် ဗုံးကျဲ ခံရပြီးနောက် တပ် နဲ့ ကေအိုင်အေတို့အကြား နေရာအနှံ့ တိုက်ပွဲဖြစ်လာပြီး မိုးမောက်မြို့နယ်၊ လုံဂျာတောင်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ကစ လက်ရှိထိ နေ့စဉ်နီးပါး တိုက်ပွဲ ပြင်းထန်နေကာ တိုက်ပွဲ ဖြစ်ပွားရာနဲ့ နီးကပ်တဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Photo Crd-Original Uploader
#voiceofmyanmar #VOM #လိုင်ဇာ

Related posts

Leave a Comment

VOM News

FREE
VIEW